ရောဂါသည်
ဒီမနက် အိပ်ရာက နိုးတော့ မျက်နှာသစ်၊ သွားတိုက်ရင်း ရှေ့မှ မှန်ထဲရှိ ကိုယ့်မျက်နှာကိုယ်ကြည့်မိ၏။ ကျွန်တော့်မျက်နှာ သိသိသာသာချောင်ကျသွားသည်ဟုထင်မိသည်။ ငါ.. တော်တော်ပိန်သွားပါလား.. ဟု ကိုယ့်ကိုယ်တွေးရင် အခန်းထဲမှအထွက် ညီမလေးကို တွေ့ရာ..
“ညီမလေး ..ကိုကို့မျက်နှာကို ကြည့်စမ်း.. ကိုကို ပိန်သွားတယ်နော် “
ဟု မေးလိုက်သည်။
ညီမလေးက ကျွန်တော့်အား ထူးဆန်းသလိုကြည့်ရင်း ..
“ဘာဖြစ်လို့လဲ မပိန်ပါဘူးကွာ..” ဟြုပန်ပြောသည်။ “သေချာကြည့်စမ်းပါဦး..ငါ့မျက်နှာချောင်ကျသွားတယ်…”
“ငါတော့မထင်ပါဘူးကွာ.. မင်း..မနေ့ညက ဘောလုံးပွဲကြည့်လို့လား..
နောက်ဖေးမှာ ထမင်းကြော်ထားတယ်.. မနက်စာစားပြီးမှာ အပြင်သွား” လို့ ကျွန်တော့်အား လှမ်းပြောလေသည်။
“မစားတော့ဘူး.. လဘက်ရည်ဆိုင်မှာ သူငယ်ချင်းတွေနဲ့ ချိန်းထားသေးတယ်။” ညီမလေးကိုပြောရင်း အ၀တ်စားလဲပြီး အပြင်သို့ထွက်လာခဲ့၏။ ညီမလေးက ကျွန်တော့်အားမျက်စောင်းထိုးရင် ပိန်မှာပေါ့.. မနက်စာလဲ ကောင်းကောင်းမစားဘူး။ ဒီလက်ဘက်ရည်တွေချည်းသောက်နေမှတော့ ပိန်မှာပဲ..ဟု ပြောရင်း ကျန်ခဲ့သည်။
ညီမလေးနှင့် ကျွန်တော်မှာ နှစ်နှစ်ကြီး နှစ်နှစ်ငယ်ဖြစ်ပြီး အသက်အရွယ်မတိမ်းမယိမ်းဖြစ်သဖြင့် ရွယ်တူလိုဖြစ်နေသည်။ ညီမလေးက ကျွန်တော့်ကို ကိုကို ဟုခေါ်ပြီး မင်းနဲ့ငါနဲ့ ဟုပင် ပြောလေ့ရှိပါသည်။ ကျွန်တော်တို့ မောင်နှမနှစ်ယောက်တွင် ညီမလေးက မပိန်ဘဲ၊ ကျွန်တော်က ယောကျာင်္းလေးဖြစ်ပြီး အတော်ပင် ပိန်နေပါသည်။
(၂)
ငပြည့်၊ ကိုရဲ၊ လေးလွင်တို့နှင့် လဘက်ရည်ဆိုင်ထိုင်ရင်း သူတို့ကို ကျွန်တော့်အကြောင်းပြောဖြစ်ခဲ့သည်။
“ငပြည့်.. ငါ့မှာ ရောဂါတစ်ခု ရှိနေတယ်ကွ”
“ဟင်.. HIV လား..” ငပြည့်က နောက်သလိုလိုပြောသည်။
“ဟေ့ကောင်.. ဘယ်ကလာ HIV လဲ.. အဲဒီရောဂါနဲ့ ပတ်သက်လို့ ငါ့မှာ မိန်းမတွေနဲ့လဲ အရှုပ်အရှင်းမရှိခဲ့ဘူး။ နံပါတ်ဖိုးလည်း မထိုးခဲ့ဘူး။ အဲဒါနဲ့ပတ်သက်လို့တော့ ငါ့ကိုယ်ငါ ယုံပြီးသားပဲ ..ဘယ်အချိန် စစ်စစ်ကွာ…”
“ဟုတ်ပါပြီ လင်းထက်ရာ.. ဒါဆို မင်းမှာရှိတဲ့ ရောဂါက ဘာရောဂါတုန်း..”
ကိုရဲနဲ့ လေးလွင်ကပါ ကျွန်တော့်ကို စိတ်ဝင်စားစွာ ကြည့်နေကြ၏။
ကျွန်တော် လေးတွဲ့စွာပင် ပြောလိုက်မိသည်။ “ငါ့မှာ ရှိတဲ့ ရောဂါက.. ဘာရောဂါမှန်းမသိသေးပါဘူးကွာ… သေချာတာကတော့ ငါ..အရမ်းပိန်တယ်။ ငါ့ဆီမှာ ရောဂါတစ်ခုခုရှိနေတာ သေချာတယ်။”
ကိုရဲက “လင်းထက် မင်း..ပေါက်တက်ရတွေ လျှောက်မပြောစမ်းပါနဲ့ကွာ…” ဟု ၀င်ပြောသည်။
“မဟုတ်ဘူး ကိုရဲ.. ငါလျှောက်ပြောနေတာမဟုတ်ဘူး.. မင်းတို့လည်း သိတဲ့အတိုင်းပဲ.. ငါ ၀ချင်နေတာ။ ၀အောင်လုပ်နေတာ မင်းတို့အမြင်ပဲ။ ငါ လစဉ်ကြေးပေးပြီး အပတ်တိုင်း Gym သွားတယ်ကွာ.. ။ ကိုယ့်ကိုယ်ကိုလဲ ဂရုစိုက်ပြီး အစားအသောက်တွေစားနေတာပဲ။ ဒါပေမယ့် ၀မလာဘူး။ အခု ငါ့မျက်နှာက ပိုပိန်လာတယ်။ ဘာပဲဖြစ်ဖြစ် မ၀တောင်မှ မင်းတို့လောက်တော့ ငါ့ခန္ဓာကိုယ်က ပြည့်ပြည့်ဖြိုးဖြိုးရှိသင့်တယ်ထင်တာပဲကွာ.. ” ကျွန်တော် စိတ်ညစ်ညူးစွာ ပြောလိုက်မိသည်။
“နေပါအုံး မင်း..ဘာဖြစ်လာတာလဲ လင်းထက်..
ဒီနေ့မှ ထူးထူးဆန်းဆန်း မင်းက ပိန်တာတွေရော … ရောဂါတွေရော လာပြောနေတယ်။ ဘာလဲ မင်းကောင်မလေး ကြည်လဲ့ဝေ က မင်းကို ပိန်တယ်ပြောလွှတ်လိုက်လို့လား…” ကျွန်တော်တို့ အဖွဲ့ထဲတွင် စကားအနည်းဆုံးဖြစ်သော လေးလွင်က ကျွန်တော့်ကို ပြုံးစိစိဖြင့်ပြောသည်။
“ဟာကွာ.. မင်းကလဲ မဟုတ်ပါဘူး။ သူက ဘာမှမပြောပါဘူး။”
“သူက အဲလိုမပြောဘူး။ ငါ့ကို လိုက်မနှောက်ယှက်နဲ့လို့ပဲ ပြောတာမဟုတ်လား… “ ငပြည့်က ကျွန်တော့်အား လှောင်သည်။
“အေးလေး.. မင်းကလည်း သူနဲ့အဆင်မပြေတာနဲ့ မစားနိုင်မသောက်နိုင်ဖြစ်ပြီး ပိန်သွားတာလားမှမသိတာ…”
“အေးကွာ မင်းတို့ကို ငါဆေးစစ်ပြီးမှပဲ ဘာရောဂါဖြစ်နေတယ်ဆိုတာ ပြောပြနိုင်တော့မယ်။ ဓါတ်မှန်ရိုက်ဆေးစစ်ပြီး အဖြေရတော့မှပဲ ငါ့ရောဂါအကြောင်းမင်းတို့ သိရလိမ့်မယ်။
သွားတော့မယ်ကွာ.. ဆွဲလက်စ ကားတစ်ကား အချောသတ်ဖို့ကျန်နေသေးတယ်။ ဒီနေ့ လက်စသတ်လိုက်ဦးမယ်။” သောက်ပြီးသား လက်ဘက်ရည်ခွက်အောက်တွင် လက်ဘက်ရည်ဖိုး ပိုက်ဆံလေးကို ဖိထားခဲ့ရင်း ထွက်လာခဲ့၏။
ဒီကောင်တွေကတော့ ကျွန်တော့်ကို နားမလည်စွာ ငေးကြည့်ရင်း ကျန်နေခဲ့သည်။
(၃)
ကျွန်တော်နှင့် ကြည်လဲ့ဝေမှာ ငယ်ငယ်လေးကတည်းက ကျောင်းနေဖက်သူငယ်ချင်းဖြစ်၏။ ကြည်လဲ့ဝေက စာတော်သည်။ ဆယ်တန်းပြီးတော့ ဆေးကျောင်းတက် ခွင့်ရခဲ့သည်။ ကျွန်တော်က ကွန်ပျူတာတက္ကသိုလ်တက်ခွင့်ရခဲ့သည်။ ကျောင်းပြီးတော့ သူက ဆေးရုံကြီးမှာ ပြန်ပြီး တာဝန်ကျကာ၊ တခြားရပ်ကွက်တစ်ခုမှာ ဆေးခန်းလေးတစ်ခု ဖွင့်ထားသည်။ ကျွန်တော်ကသာ ပန်းချီဆွဲလိုက်၊ စာရေးလိုက်ဖြင့် ကွန်ပျူတာ မကိုင်ဖြစ်ဘဲ ပန်းချီသမား၊ စာပေသမားဘ၀ဖြင့် အနုပညာလုပ်ငန်းတွေပဲ လုပ်နေဖြစ်သည်။
ကျွန်တော်က ကြည့်လဲဝေအပေါ်မှာ မေတ္တာရှိနေခဲ့သူဖြစ်ပြီး သူမကတော့ ကျွန်တော့်ကို သူငယ်ချင်းတစ်ယောက်ထက် မပိုခဲ့ပေ။
တကယ်တော့ ကြည်လဲ့ဝေက ကျွန်တော့်ကို “နင်.. တော်တော်ပိန်တယ်နော်” လို့ ပြောလိုက်ကတည်းက ကျွန်တော့်ကိုယ် ကျွန်တော် သတိထားမိခြင်းဖြစ်ပါသည်။ အကျီအ၀တ်အစားလဲသော အချိန်၊ ခေါင်းဖီးသောအချိန်များတွင် ခဏတဖြုတ် မှန်ရှေ့ရပ်ကြည့်မိသည်မှ လွဲ၍ ကိုယ့်ကိုယ်ကို မှန်ရှေ့တွင် တခါမှ အသေအချာမကြည့်ခဲ့ဘူးပါ။ ဘာရယ်မဟုတ်ပြောသွားခဲ့သည့် သူမစကားကြောင့် ကျွန်တော့်၏ ပိန်ခြင်း၊ ၀ခြင်းအကြောင်းမှာ အလေးအနက် စဉ်းစားစရာပင်ဖြစ်လာခဲ့သည်။ အဲဒီနေ့က စပြီး ကျွန်တော် ၀အောင်လုပ်ပါတော့သည်။
တကယ်တမ်း ၀အောင်လုပ်ရသည်မှာ လွယ်ကူသောအရာတော့ မဟုတ်ပေ။ တစ်လတည်းနှင့် ၀ပါမည်ဟု ပြော၍မရသလို ဘယ်အချိန် ဘယ်လောက်ဝပါမည်ဟု ခန့်မှန်း၍လည်း တိတိကျကျပြောလို့မရချေ။ ထိုကိစ္စမှာ ကျွန်တော့်အတွက် ရေရှည်စီမံကိန်းချမှတ်ရမည့် ကိစ္စတစ်ခုဟု သိနားလည်လိုက်ပါသည်။
ထိုသို့ဝအောင်လုပ်နေသည့်ကြားမှပင် ကျွန်တော်မှာ အစားအသောက်ပျက်လာပါသည်။ ညဘက် အိပ်မပျော်ဖြစ်လာခဲ့ပါသည်။ စာတွေလဲ မရေးဖြစ်တော့။ ပန်ချီကားတွေလဲ ဆက်မဆွဲဖြစ်တော့။ ကျွန်တော့်အတွေးတွေကလဲ တောင်စဉ်ရေမရဖြစ်လာခဲ့ပါတော့သည်။
(၄)
“လင်းထက် … မင်းပဲ ဆေးစစ်ချင်ပါတယ်ဆိုလို့ ငြိမ်း ဆေးခန်းမှာ မှာ ငါတို့ လိုက်စစ်ပေးခဲ့ပြီးပြီ။ အခု မင်းမှာ ဘာရောဂါမှ မတွေ့ပါဘူးဆိုတာကို မင်းက လက်မခံချင်ဘူး။ နောက် ဆေးခန်းတစ်ခုပြောင်းစစ်ချင်တယ် လုပ်သေးတယ်။ ငြိမ်းလဲအတူတူပဲ နန်းတော်လဲအတူတူပဲ အထူးကု ဆေးခန်းကြီးတွေချည်းပဲ။ ဓါတ်မှန်ရိုက်ပြီး သွေးရော ဆီးရော အတိအကျ စစ်ပေးခဲ့တာပဲ။”
“မဟုတ်ဘူး .. ဖေဖေ။ ကျွန်တော့်မှာ ရောဂါတစ်ခုခု သေချာပေါက်ကို ရှိတယ်။”
“တော်တော့ လင်းထက်.. မင်းဘာသာ နဂိုကတည်းက ပိန်တာ မင်းမှာ ဘာရောဂါမှ မရှိဘူး။ ဖေဖေလည်း ပိန်တာပဲ .. မင်းမေမေလဲ ပိန်တာပဲ.. တစ်မျိုးလုံး ပိန်တဲ့သူတွေချည်းပဲ။ သူဘာသာ မျိုးရိုးလိုက်ပြီး ပိန်တာပဲ.. မင်းက ဒါကို ရောဂါကြောင့်ပိန်တယ် ပြောချင်သေးတယ်။”
“ကဲပါ.. ဖေကြီးရယ် သားက သူ့ဘာသာ ပိန်တာ မကျေနပ်လို့ ဆေးစစ်ပြီးပြီပဲ။ သားလဲ ကျေနပ်တော့ .. ။ ကျမအမှားပါ.. ငယ်ငယ်ကတည်းက အားကစားလုပ်ခိုင်းခဲ့ရမှာ အခုတော့ ဘာအားကစားမှ ၀ါသနာမပါတော့ဘဲ သူဘာသာ တကုပ်ကုပ်နဲ့ စာအုပ်တွေ စုတ်တံတွေနဲ့ ပဲ ရှုပ်ရှက်ခက်နေတော့တာ..။”
“မဟုတ်ပါဘူး မေမေရာ… တကယ်က ကျွန်တော်က ၀မလာဘဲ အရင်ကထက် ပိန်လာတာ..”
“ဘယ်ဝလာပါ့မလဲ.. မင်းက ထမင်းမှ ကောင်းကောင်းမစားတာကိုး။ ၀ချင်တဲ့ သူက အစားအသောက်များများစားမှပေါ့.. အခု တလော မင်းကြည့်လိုက်ရင် ဘာအလုပ်တွေမှန်းလဲမသိဘူး။ ရှုပ်နေတာပဲ။” ညီမလေးကလည်း ကျွန်တော့်ကို ၀င်ပြောသည်။ မိသားစုတစ်ခုလုံးကလည်း ကျွန်တော့်အဖြစ်အပျက်ကို နားလည်မပေးကြတော့ဘူး။ ကျွန်တော့်ပြဿနာကို အဖြေရှာပေးနေကြပေမယ့်လည်း အဲဒါတွေက သူတို့ရဲ့ ထင်ကြေးတွေချည်းပါပဲ။ ဘယ်သူမှ ကျွန်တော့်ကို တိတိကျကျအဖြေထုတ်မပေးနိုင်ကြပါဘူး။ ကျွန်တော်ကလည်း ကျွန်တော့်ရောဂါအခြေအနေ မဆိုးဝါးခင်အချိန်မှာပဲ အမြန်ဆုံး ပျောက်ကင်းအောင် ကုသပစ်လိုက်ချင်တယ်။
(၅)
“မင်း.. ကြည်လဲ့ဝေဆီသွားလိုက်ပါလား။
ဘာပဲပြောပြော သူလဲဆရာဝန်တစ်ယောက်ပဲ..။ မင်း ရောဂါကို ရှာဖွေ ကုသမပေးနိုင်ရင်တောင်မှ မင်းအတွက် အကြံဥာဏ်ကောင်းတစ်ခုခုတော့ ရလာနိုင်ကောင်းတယ်။”
ကိုရဲက ကျွန်တော့်ကို အကြံပေးခဲ့သည်။
ကျွန်တော် .. ကြည်လဲ့ဝေရဲ့ ဆေးခန်းကို သွားခဲ့သည်။ ကျွန်တော့်ကို မြင်တော့ သူမ အံ့အားသင့်သွားသည်။
“လင်းထက် .. ဘာဖြစ်လို့လဲ”
သူမက ကျွန်တော့်ကို သူမ၏ လူနာတစ်ဦးသဖွယ် မေးမြန်လိုက်၏။
ကျွန်တော့်မှာသာ သူမရှေ့ရောက်လျှင် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေခဲ့ရတာ..။
“ငါ့မှာ ရောဂါတစ်ခုခုရှိနေတယ်ထင်လို့ဟ..”
“ဟမ်.. နင်လာနောက်နေတာလား..” ကျွန်တော့်ကို မသင်္ကာတဲ့မျက်လုံးတွေနဲ့ ကြည့်ရင်းက ပြောသည်။
“မဟုတ်ဘူး.. ငါတကယ်ပြောတာ.. ငါ့မှာ ရောဂါတခုခုရှိနေတယ်။”
“ကဲ..ဒါဆို ဘာလက္ခဏာတွေဖြစ်လဲ.. ဥပမာ မောတာမျိုး၊ ရင်ဘတ်တွေ၊ ကျောတွေအောင့်တာမျိုး ဖြစ်လား…”
“အဲလိုမျိုးတော့ မဖြစ်ဘူး။ ဒါပေမယ့် ငါ ညည အိပ်မပျော်ဘူး။ ပြီးတော့ စားလို့လဲ မ၀င်ဘူး။”
ကျွန်တော့်စကားကို သူမက ဘယ်လိုထင်သွားသည်မသိ။
“လင်းထက် နင့်ကို ငါပြောထားတယ်နော်.. ငါ့ကို လိုက်မနှောက်ယှက်နဲ့ဆိုတာ.. ဒါ ငါ့ဆေးခန်း.. နင် ဒီအထိ ငါ့ကို လာပြောရဲတယ် ကြည့်စမ်း..”
သူမက ကျွန်တော့်ကို ရန်လုပ်တော့မည် ဟန်ပြင်သည်။
“မဟုတ်ဘူး .. ကြည်လဲ့ဝေ ။ ငါရှင်းပြဦးမယ်..
ခဏနားထောင်ပါဦးဟာ… တကယ်ပါ ငါ့မှာ ရောဂါတစ်ခုခုရှိနေတယ်။
တကယ်က ငါ.. ၀ချင်တာ..။ အခု ငါ့မှာ ရောဂါတစ်ခုခု ရှိနေတော့ ၀မလာဘဲ .. ပိန်နေတယ်။”
သူမက ကျွန်တော့်စကားကို နားထောင်ပြီး သဘောကျစွာ ပြုံးလေသည်။
“မဆိုင်တာ လင်းထက်ရယ်.. ပိန်တာက ရောဂါရှိလို့မဟုတ်ပါဘူး။ ရောဂါရှိတိုင်းလဲ နင်ပြောသလို မပိန်ပါဘူး။ တချို့ဆို ရောဂါတွေနဲ့ ၀လိုက်ကြတာ။ နင့်ကို ကြည့်ရတာလဲ ဘာရောဂါမှ ရှိပုံမရပါဘူး။ အိပ်မပျော်ဘူးဆိုရင် ညပိုင်းတရားထိုင်။ တရားလေးမှတ်ပြီး အိပ်”
“အင်း..” ကျွန်တော်က ခေါင်းငြိမ့်လိုက်မိ၏။
“စားမ၀င်ဘူးဆိုတာကလည်း အစာမစားခင် လက်ဘက်ရည်တွေ၊ ကော်ဖီတွေ မသောက်မိစေနဲ့။ နင့်က လဘက်ရည်တွေ၊ ကော်ဖီတွေ တအားသောက်တာကိုး .. ။
ပြီးတော့ နင့်မေမေက ပြောဘူးတယ်။ နင်က ပန်းချီတွေဆွဲ၊ စာတွေရေးနေချိန်ဆို အစားအသောက်မေ့၊ အအိပ်မေ့ စိတ်က အဲဒီအထဲမှာပဲရောက်နေတော့တာဆို..။ အဲဒီလိုတွေ မလုပ်ရဘူး။ သူ့အချိန်နဲ့သူ လုပ်တဲ့အခါလဲလုပ်၊ စားချိန်ကြရင်လဲ စားမှ ဖြစ်မှာပေါ့။”
မသိနားမလည်သော ကလေးသူငယ်တစ်ယောက်ကို ပြောပြနေသလိုမျိုး တတွတ်တွတ်ပြောပြနေသော သူမကို ကျွန်တော် ငေးကြည့်နေမိ၏။
“ဟဲ့ .. ငါပြောတာ ကြားလား..”
“အေး .. ကြားပါတယ်”
“နင် သိတိုင်းအတိုင်းပဲ… ငါလည်း အရင်တုန်းက ပိန်ပိန်လေးပဲ။ အခုမှ ၀လာတာ။ ၀ချင်တယ်ဆိုရင် ငါလိုလုပ်။ မနက်ခင်းကို မိုင်လိုသောက်။ ည အိပ်ရာဝင်ခါနီးရင် နွားနို့သောက်။ အဲဒါဆို ၀လာလိမ့်မယ်။ ငါဆို မနက်ခင်းဆို အမြဲတမ်း မိုင်လိုသောက်တယ်.. ။ ငါပြောတဲ့အတိုင်း လုပ်နော်..။”
“အေး..တကယ်လား။ လုပ်မယ်။ သောက်ပါမယ်။”
“အေး..အဲဒါဆို သွားတော့..။ နင့်မှာ ဘာရောဂါမှ လဲမရှိဘူး။ မကြာခင် နင် ၀လာလိမ့်မယ်။ ငါပြောတာ မမေ့နဲ့… ။”
“အင်း.. ဒါဆိုလဲ ပြန်တော့မယ်။”
ဆေးခန်းကအပြန် စတိုးဆိုင်တစ်ခုမှ ၀င်၍ နွားနို့တစ်ဘူးနှင့် မိုင်လိုတစ်ထုပ် ၀ယ်လာခဲ့သည်။ အိမ်ပြန်ရောက်တော့ မိုင်လို တစ်ခွက် ဖျော်သောက်လိုက်သည်။ အထူးကုဆေးခန်းက ဆေးစစ်ချက်ကိုတော့ မသေချာနိုင်ပါဘူး။ မမှန်နိုင်ပါဘူးဆိုတဲ့ကောင်က ဘာရောဂါမှမရှိဘူးလို့ ကောင်မလေးက တစ်ခွန်းတည်းပြောလိုက်တာနဲ့ ခေါင်းငြိမ့်ပြီး ပြန်လာခဲ့တာကိုသာ ဖေဖေသိခဲ့ရင် ကျွန်တော့်ကို ပြောလို့ဆုံးမှာ မဟုတ်တော့ဘူး။ ဘာပဲဖြစ်ဖြစ်လေ… ညကျရင်တော့ နွားနို့တစ်ခွက်သောက်ပြီးတော့ အိပ်ရမယ်။
(၆)
မနက်ခင်း အိပ်ရာက နိုးနိုးချင်း မျက်နှာသစ်၊ သွားတိုက်ပြီး မှန်ကို ကြည့်မိတော့ ကျွန်တော့်မျက်နှာဖောင်းနေတာကို တွေ့ရသည်။ အကျီ်အ၀တ်အစားလဲပြီး အခန်းထဲမှ အထွက် ညီမလေးကို တွေ့တော့ လှမ်းပြီး ပြောဖြစ်သည်။
ညီမလေး.. ကိုကို့ မျက်နှာကို ကြည့်စမ်း..။
ကိုကို ၀လာတယ် တွေ့လား..
ဆောင်းချမ်းမိုး


ဆောင်းချမ်းမိုး: ကန်စွန်းရွက်ကြော်တာတောင် အနုပညာပါတယ်.. :D
Candy: ဟောပြောပွဲတော့ မသွားဖြစ်လောက်ဘူး။ အဲ့စာအုပ်တော့ ၀ယ်ချင်တယ် >.<
CalmHill: ကန်စွန်းရွက်လည်း စားတာလည်းစား သတိထားစားပေါ့ အရိုးစူးနေဦးမယ်
သက်ဝေ: အိမ်ပြန်ချင်တယ်ရယ်တော့ မဟုတ်ဘူး ဒါမယ့် လေယာဉ်ပျံတွေတွေ့ရင် တစုံတခု ခံစားပြီး သက်ပြင်းချရတာချင်းတော့ အတူတူပဲ... :P
သက်ဝေ: Like... :P