မြင်းခြံမြို့၊ ကိုးဆောင်တိုက် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တသောဘိတ

မန္တလေးတိုင်း၊ မြင်းခြံမြို့၊ ကိုးဆောင်တိုက် ဆရာတော်ဘုရားကြီး
ဘဒ္ဒန္တသောဘိတ ( အဘိဓဇမဟာရဠဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက )

photo : နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ငွေရတုအထိမ်းအမှတ်စာစောင်

ဖွားမြင်တော်မူခြင်း
ဆရာတော်ဘဒ္ဒန္တသောဘိတကို မန္တလေးတိုင်း၊ ပုဂံညောင်ဦးမြို့နယ်၊ သိရီပစ္စယာကျေးရွာတွင် ခမည်းတော် ဦးဘိုးခေတ်၊ မယ်တော် ဒေါ်ကျော့တို့မှ သက္ကရာဇ် ၁၂၇၁ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက်၊ သောကြာနေ့တွင် ဖွားမြင်ခဲ့ပါသည်။ မွေးချင်း(၆)ယောက်အနက် ဆရာတော်သည် ဒုတိယမြောက်ဖြစ်၍ ငယ်မည်မှာ မောင်သာဝင်း ဟု ခေါ်တွင်ခဲ့ပါသည်။

ရှင်ရဟန်းအဖြစ်သို့ ရောက်တော်မူခြင်း
(၁၀)နှစ်သားအရွယ်တွင် သိရီပစ္စယာရွာ၊ သာယာဝတေ့တောရ ကျောင်းဆရာတော် ဘဒ္ဒန္တပညာ မဟာထေရ်မြတ်ထံ၌ ရှင်သာမဏေအဖြစ်သို့ ရောက်တော်မူခဲ့ပါသည်။ ဆရာတော်လောင်းလျာ၏ တင့်တယ်သော ရူပကာယကိုကြည့်၍ ဥပဇ္ဈာယ်ဆရာတော်က ” ရှင်သောဘိတ ” ဟု ဘွဲ့အမည်တော်ကို ချီးမြှင့်ပေးအပ်တော်မူခဲ့သည်။
သက္ကရာဇ် ၁၂၉၁ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် (၃)ရက်၊ နေ့လည် (၂)နာရီအချိန်တွင် မြင်းခြံမြို့၊ ကိုးဆောင်တိုက် ခဏ္ဍသိမ်တော်၌ ပုဂံမြို့၊ သာယာဝတေ့တောရကျောင်း (မူလဥပဇ္ဈာယ်ဆရာ) ဆရာတော် ဘဒ္ဒန္တပညာ မဟာထေရ်မြတ်ကို ဥပဇ္ဈာယ်ပြုလျက် မြင်းခြံမြို့၊ ဈေးကြီးရပ်၊ ဆန်ကုန်သည် ကျောင်းဒါယိကာကြီး ဦးထွန်းခိုင်၊ ကျောင်းဒါယိကာမကြီး ဒေါ်နန်းစိန် မိသားစုတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ကာရကသံဃာတော် (၃၀)ကျော်တို့ဖြင့် မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်တော်မူခဲ့ပါသည်။

စာပေ ပရိယတ္တိ သင်ကြားဆည်းပူးတော်မူခြင်း
ဆရာတော်လောင်းလျာသည် ပုဂံညောင်ဦးမြို့နယ်၊ သိရီပစ္စယာကျေးရွာ၊ လောကနန္ဒာကျောင်း ဆရာတော် ဦးအာဒိစ္စထံ၌  သူငယ်တန်းအခြေခံကျမ်းစာများကို (၅)နှစ်သားအရွယ်မှစ၍ သင်ကြားတော်မူခဲ့ပါသည်။ (၇)နှစ်သားအရွယ်သို့ ရောက်တော်မူသောအခါ စဉ့်ကူမြို့သို့ မိဘများနှင့်အတူလိုက်ပါ၍ ဆရာကြီးဦးဘန်း၊ ဒေါ်ရွှေမေ စာသင်ကျောင်း၌ စတုတ္ထတန်းအထိ လောကီပညာရပ်များကို လေ့လာသင်ကြားဆည်းပူးခဲ့ပါသည်။
ထို့နောက် သာယာဝတေ့ တောရကျောင်းဆရာတော် ဦးပညာ၊ ၎င်းကျောင်းစာချဆရာတော် ဦးဇနိတ (ယခင် မန္တလေးမြို့၊ မြတောင်ကျောင်းတိုက်စာချ) တို့ထံ၌ ပရိယတ္တိအခြေခံကျမ်းစာတို့ကို ဆက်လက်သင်ကြားခဲ့ပါသည်။
တဖန် ဆရာတော်လောင်းလျာသည် ပခုက္ကူမြို့၊ မဟာဝိသုတာရာမတိုက် ဘဒ္ဒန္တပညာ မဟာထေရ် (အဂ္ဂမဟာပဏ္ဍိတ)၊ ဘဒ္ဒန္တ သုန္ဒရမဟာထေရ် (အဂ္ဂအဟာပဏ္ဍိတ၊ အဘိဓဇမရဋ္ဌဂုရု)၊ ဘဒ္ဒန္တနန္ဒဝံသ မဟာထေရ် (အဂ္ဂမဟာပဏ္ဍိတ)၊  မန္တလေးမြို့၊ မြတောင်ကျောင်းတိုက်ဆရာတော်၊ ဘုရားကြီးတိုက် သုဓမ္မာဝင်တောင်ပြင်ဌာနချုပ်ဆရာတော် ဦးဝိုင်း၊ ရန်ကုန်မြို့၊ အောင်မြေဘုံစံကျောင်းဆရာတော် ဦးစန္ဒိမာ၊ ဦးကောဏ္ဍည၊ ဦးစက္ကိန္ဒ၊ ညောင်လေးပင်မြို့၊ တောင်ကျောင်းကြီးဆရာတော် ဦးကေသရ စသော ဆရာတော်ကြီးများထံ၌ ပိဋကတ်အခြေခံကျမ်းစာများနှင့် နိကာယ်ငါးရပ် ပိဋကတ်သုံးပုံ ပါဠိတော်၊ အဋ္ဌကထာဋိကာ နေ့ဝါ ညဝါ ကျမ်းစားများကို ပါရဂူရောက် တတ်မြောက်လိမ္မာအောင် (၁၂)နှစ်သားအရွယ်မှစ၍ သင်ကြားဆည်းပူးတော်မူခဲ့ပါသည်။ ယင်းသို့ သင်ကြားဆည်းပူးတော်မူစဉ် ရှင်သာမဏေစာမေးပွဲများ၊ အစိုးရပါဠိပထမပြန်စာမေးပွဲများနှင့် ဓမ္မာစရိယစာမေးပွဲများကိုလည်း အခါအားလျော်စွာ  ဝင်ရောက်ဖြေဆိုတော်မူခဲ့ရာ ကောင်းစွာအောင်မြင်တော်မူခဲ့ပါသည်။

စာပေကျမ်းဂန်များ ပို့ချသင်ကြားရေးသားပြုစုတော်မူခြင်း
ဆရာတော်ဘဒ္ဒန္တသောဘိတသည် ပခုက္ကူမြို့၊ မဟာဝိသုတာရာမကျောင်းတိုက်ကြီး၌ သက်တော် (၂၄)နှစ်၊ သိက္ခာတော် (၅)ဝါရသည့်အချိန်မှစ၍ (ဂဏဝါစက) စာချဆရာတော်အဖြစ် တာဝန်ယူ၍ စာလိုက်သံဃာတော် (၃၀၀) ကျော်တို့အား နေ့ဝါ၊ ညဝါ ကျမ်းစာများကို သင်ကြားပို့ချပေးတော်မူခဲ့ပါသည်။
သက္ကရာဇ် ၁၂၉၉ ခုနှစ်၊ သက်တော် (၂၇)နှစ်၊ သိက္ခာတော် (၈) ဝါ ရတော်မူသည်မှစ၍  မြင်းခြံမြို့ ကိုးဆောင်တိုက်ကြီး၌ မဟာဝိသုတာရာမိက  ပခုက္ကူကျောင်းသစ်ဟူသောအမည်ဖြင့် စာသင်တိုက်ကြီးကို တည်ထောင်တော်မူပြီးလျှင် တပည့်သံဃာ (၁၀၀)ကျော်တို့အား စာပေကျမ်းဂန်များကို သင်ကြား ပို့ချပေးတော်မူခဲ့ပါသည်။ ၁၃၀၂ ခုနှစ်တွင် မကွေးခရိုင် သုဓမ္မာဝင် (၅)မြို့၊ ဂိုဏ်းချူပ်ကိုးဆောင် ဆရာတော်ဦးလက္ခဏက ကိုးဆောင်ကျောင်းတိုက်ကို အာရာမိဿရ ဆသန္တကတွင် တစ်ပါးအပါအဝင်အဖြစ် လွှဲအပ်ခြင်းခံတော်မူခဲ့ရပါသည်။
၁၃၀၄ ခုနှစ် ၁၃၀၅ ခုနှစ်များတွင် ညောင်ဦးမြို့နယ်၊ သဲပြင်တောကျေးရွာ၊ ရွာရှေ့ကျောင်းနှင့် ၁၃၁၇ ခုနှစ် ၁၃၀၈ ခုနှစ်များတွင် ရန်ကုန်မြို့၊ သရက်တောကျောင်းတိုက်၊ သစ်တော်ကျောင်းတိုပ၌ တပည့်သံဃာတော်များအား စာပေကျမ်းဂန်များကို ပို့ချသင်ကြားပေးတော်မူခဲ့ပါသည်။

ရေးသားပြုစုတော်မူခဲ့သည့် ကျမ်းစာများ
ဆရာတေ်သည် တပည့်သံဃာတော်များအား စာပေပို့ချပေးတော်မူစဉ် သာသနာတော်အတွက် လွန်စွာကျေးဇူးများသော ဝိနယဗဟုသုတပကာသနီကျမ်းနှင့် ဝါကျသံသယဝိသောဓနီကျမ်းတို့ကိုလည်း ရေးသားဖြန့်ဝေတော်မူခဲ့ခြင်းဖြင့် ပရယတ္တိသာသနာရေးတာဝန်များကို ဆောင်ရွက်တော်မူခဲ့ပါသည်။

တည်ထောင်တော်မူခဲ့သော စာသင်တိုက်ခွဲများ
ဆရာတော်သည် သာသနတော်စည်ပင်ပြန့်ပွားရေးအတွက် အောက်ပါ ပရိယတ္တိစာသင်တိုက်ကြီးများကို တည်ထောင်ဖွင့်လှစ်၍ ပရိယတ္တိသာသနာပြု ကိစ္စရပ်များကို ကြိုးပမ်းဆောင်ရွက်ကာ အားပေးချီးမြှောက်တော်မူခဲ့ပါသည်။
၁။ မြင်းခြံမြို့၊ ရွှေဘုံသာအလယ်ကျောင်းစာသင်တိုက် ၊
၂။ ပဲခူးတိုင်း၊ ထန်းတပင်မြို့၊ မဟာဝိသုတာရာမကျောင်းတိုက်၊
၃။ ပေါင်းတည်မြို့၊ မဟာဝိသုတာရာမကျောင်းတိုက်၊
၄။ ရန်ကုန်တိုင်း၊ အင်းစိန်မြို့၊ ရွာမပရိယတ္တိစာသင်တိုက်၊
၅။ ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်၊ သရက်တောတိုက်၊ ပရိယတ္တိမာမကသစ်တော်ကျောင်း၊
၆။ မြင်းခြံမြို့၊ ဇေယျသိမ်တိုက်၊ ရတနာမှန်ကျောင်း၊
၇။ တောင်သာမြို့၊ ရေလယ်ကျောင်းတိုက်၊
၈။ တောင်ငူမြို့၊ မြသီတာစာသင်တိုက်၊
၉။ မြင်းခြံမြို့၊ ကမ္မ္မဌာနာစရိယ ဦးပရမ စွန်းလွန်းဂူကျောင်း၊ ကမ္မဌာန်းတိုက်
၁၀။     ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ပိဋ္ဋကတ်သုံးပုံ နိကာယ်စာသင်တိုက်

သာသနာရေးတာဝန်များကို ဆောင်ရွက်တော်မူခြင်း
ဆရာတော်သည် သာသနာရေးကိစ္စ အ၀၀တို့ကို
၁။ မြင်းခြံခရိုင် ဝိနည်းဓိုရ်၊
၂။ ပါဠိပညာရေးအဖွဲ့နာယက၊
၃။ ပါဠိတက္ကသိုလ် ဗဟိုကိုယ်စားလှယ်
၄။ ဆဠသင်္ဂါယနာ သင်္ဂီတိကာရကနှင့်ဘာဏက၊
၅။ ဆဠသင်္ဂါယနာ ပါဠိဝိသောဓက၊
၆။ ဂျပန်ပြည်သာသနာပြု အဖွဲ့ဝင်၊
၇။ သာသနာသန့်ရှင်းပြန့်ပွားရေးဦးစီးအဖွဲ့ဝင်၊
၈။ မြင်းခြံမြို့၊ သာသနာဟိတအသင်း သြဝါဒါစရိယ
၉။ မြင်းခြံမြို့၊ ပရိယတ္တိသဒ္ဓမ္မပါလအသင်း သြဝါဒါစရိယ၊
၁၀။ မြင်းခြံမြို့၊ ဝိနယာနုဂ္ဂဟအသင်း သြဝါဒါစရိယ၊
၁၁။ သထုံမြို့၊ သုဝဏ္ဏဘူမိ ပရိယတ္တိသာသနဟိတအသင်း၊ ပရဒေသီနာယက၊
၁၂။ မြင်းခြံမြို့၊ မြို့မသံဃအဖွဲ့ အမှုဆောင်၊
၁၃။ ပခုက္ကူ မဟာဝိသုတာရာမိက ဂဏဝါစကနိကာယဓိပတိ၊
၁၄။ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ပထမအကြိမ်ဂိုဏ်းပေါင်းစုံ သံဃာအစည်းအဝေးကြီး၏ (၆၆ပါး ကိုယ်စားလှယ်အဖွဲ့ဝင်) မူလသံဃာ့ဝန်ဆောင်၊
၁၅။ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်အဓိပတိ
၁၅။ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ပထမအကြိမ်ဂိုဏ်းပေါင်းစုံ သံဃာအစည်းအဝေးကြီးမှူးရွေးချယ်တော်မူသည့် သံဃာသမ္မုတိရ သံဃာ့ကိုယ်စားလှယ်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်နှင့်
၁၆။ (၁၉၉၄ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ) နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ဥက္ကဠ ဆရာတော်အဖြစ်လည်းကောင်း သာသနာတော် တာဝန်များကို တာဝန်အသီးသီးမှ သယ်ပိုးဆောင်ရွက်တော်မူခဲ့ပါသည်။

ပြည်ပနိုင်ငံများသို့ သာသနာပြုခရီး ကြွရောက်တော်မူခဲ့ခြင်း
ဆရာတော်ဘုရားကြီးသည် ဂျပန်နိုင်ငံ မိုဂျီမြို့တွင်ကျင်းပပြုလုပ်သည့် သိမ်သမုတ်ပွဲသို့ ပြည်ပဓမ္မဒူတခရီး ကြွရောက်တော်မူခဲ့ပါသည်။ ထို့အပြင် သီရိလင်္ကာ၊ နီပေါ၊ အိန္ဒိယ၊ ထိုင်း၊ ကိုရီးယား၊ လာအို၊ အင်္ဂလန် စသည့်နိုင်ငံများသို့လည်း ဓမ္မဒူတသာသနာပြုခရီး အကြိမ်ကြိမ်ကြွရောက်တော်မူခဲ့ပါသည်။

ဘွဲ့တံဆိပ်တော်များ ဆပ်ကပ်ခံရတော်မူခြင်း
ဆရာတော်ဘုရားကြီး၏ သာသနာတော်အကျိုး သယ်ပိုးဆောင်ရွက်တော်မူခြင်းများကို ကြည်ညိုလေးစားသောအားဖြင့်  သက်တော် (၅၀)၊ သိက္ခာတော် (၃၁)ဝါ၊ သက္ကရာဇ်၁၃၂၁-ခုနှစ် တွင် “အဂ္ဂမဟာပဏ္ဍိတ” ဘွဲ့တံဆိပ်တော်ကို လည်းကောင်း၊ သက်တော် (၇၆)နှစ်၊ သိက္ခာတော် (၅၇)ဝါအရ (၁၃၄၈)ခုနှစ်တွင် “အဘိဓဇမဟာရဠဂုရု” တံဆိပ်တော်ကိုလည်းကောင်း၊ သက်တော် (၈၄)နှစ်၊ သိက္ခာတော် (၆၅) ဝါအရတွင်  “အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက” ဘွဲ့တံဆိပ်တော်ကိုလည်းကောင်း နိုင်ငံတော်အစိုးရက ဆပ်ကပ်လှူဒါန်းပူဇော်ခဲ့ပါသည်။

ဘဝနတ်ထံပျံလွန်တော်မူခြင်း
နိုင်ငံတော်သံဃာ့နာယကဥက္ကဌ သက်တော်ရှည်မြင်းခြံဆရာတော်ဘုရားကြီးသည် သာသနာတော်အကျိူးကို သယ်ပိုးထမ်းဆောင်တော်မူရင်း သက်တော်(၉၅)နှစ်၊ သိက္ခာတော် (၇၆)ဝါအရ မြန်မာသက္ကရာဇ်(၁၃၆၆)ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၆)ရက်၊ (‪၁၇-၁၁-၂၀၀၄‬) ဗုဒ္ဓဟူးနေ့၊ နံနက် (၁၁)နာရီ ၃၅ မိနစ်အချိန်တွင် ဘုရားရဟန္တာတိုသော်မှ ရှောင်လွှဲ၍ မရနိုင်သော မရဏသဘောကြောင့် ဘဝနတ်ထံပျံလွန်တော်မူခဲ့လေသည်။ သက်တော်ရှည်ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနအခမ်းအနားကို (၁၃၆၆)ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁)ရက်၊ (‪၂၇-၁၁-၂၀၀၄‬) စနေနေ့တွင် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ပိဋ္ဋကတ်သုံးပုံ နိကာယ်စာသင်တိုက်၌ ဆင်ယင်ကျင်းပခဲ့ပါသည်။

ကိုးကား

၁။ မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်။ ရန်ကုန်၊ စာပေဗိမာန်၊ ၂၀၀၅။ စာမျက်နှာ ၂၅၆ – ၂၅၈။
၂။ မြန်မာ့အလင်းသတင်းစာ၊ ရန်ကုန်၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ ၂၀၀၄ မတ်လ ၉။ စာ ၁ ကော်လံ ၁။
၃။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ငွေရတုအထိမ်းအမှတ်စာစောင်။ ရန်ကုန်၊ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊ ၂၀၀၅။
၄။ သာသနာပြုဘွဲ့တံဆိပ်တော်နှင့် ကမ္မဌာန်းနည်းပြ ဘွဲ့တံဆိပ်တော်ရ ဆရာတော်များ၏ ထေရုပ္ပတ္တိကထာ။ ရန်ကုန်၊ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊ ၁၉၉၅။ စာမျက်နှာ ၃ – ၇။
၅။ သန်းထွန်း(မော်လမြိုင်)၊ မြန်မာနိုင်ငံသာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များမော်ကွန်း၊ ရန်ကုန်၊ ထက်ဝေယံစာပေ၊ ၂၀၁၂။

Leave a Reply

Your email address will not be published. Required fields are marked *