စာသင်ခန်း

ကျွန်တော် စာသင်ပါမယ်။ ဘယ်သူတွေအတွက်လဲဆိုတော့ လူငယ်တွေ အတွက်ပါ။ ကွန်ပျူတာပညာရပ်ကိုလေ့လာနေသော အထူးသဖြင့် Web Design နဲ့ Web Development ပိုင်းကိုလေ့လာနေသော ညီငယ်၊ ညီမငယ်တို့ အတွက်ပါ။ ကျနော့် ပို့ချချက် သင်ခန်းစာတွေကို လေ့လာဖတ်ရှုရင်း ကျွန်တော်နဲ့  Comment မှတဆင့် ဆက်သွယ်ပြောဆိုဆွေးနွေးနိုင်ပါတယ်။ ကျွန်တော်တို့ တဖြေးဖြေး လေ့လာသွားရအောင်..။ အဓိကက သင်ယူလိုစိတ်ရှိဖို့ပဲလိုပါတယ်။ ဘယ်နေရာမှာ ဘယ်လိုသင်ယူရမယ်ဆိုတာနဲ့ ဘာတွေသင်ယူရမလဲဆိုတာကိုတော့ ကျနော်ပြောပြပါမယ်။

1. လိုအပ်သော Software Application များ

Website တစ်ခု တည်ဆောက်ဖို့ရာ ဖန်တီးဖို့ရာ ဘယ်လို ကိရိယာပစ္စည်းတွေ လိုအပ်ပါသလဲ?

- Notepad (or) Notepad++

ကျွန်တော်ကတော့ Notepad++ ကိုသုံးပြီး ကုဒ်တွေကိုရေးတဲ့အတွက် Notepad++ ကိုပဲသုံးဖို့ရာပြောချင်ပါတယ်။ သို့သော် Adobe Dreamweaver သော်လည်းကောင်း Aptana Studio ကိုသော်လည်းကောင်း သုံးစွဲနေကြသူများအတွက်ကတော့ သုံးစွဲလက်စ HTML Editing Software တွေကိုပဲ ဆက်လက်သုံးစွဲနိုင်ပါတယ်။

- Adobe Photoshop

Website ဒီဇိုင်းဖန်တီးမည့်သူများအတွက် မရှိမဖြစ် software တစ်ခုပါ။ ကျနော်ကတော့ Photoshop မရှိရင် မဖြစ်ပါဘူး။ Website ဒီဇိုင်းလှလှလေးတွေ ဆွဲချင်တယ်ဆိုရင်တော့ ခင်ဗျားတို့ Photoshop ကို ကျွမ်းကျွမ်းကျင်ကျင်တတ်ထားဖို့လည်း လိုပါသေးတယ်။

- Browser များ

IE 6/7/8 ပြီးတော့ Firefox၊ နောက် Chrome၊ Opera Web Browser တွေ လိုပါတယ်။ ကျနော်တို့ ၀က်ဘ်ဆိုက်တွေကို ကြည့်ရှုဖို့ဖြစ်ပါတယ်။ Browser တွေဆိုတာက Web Designer တွေ Web site ဖန်တီးသူတွေအတွက် အဓိကအရာတစ်ခုလည်းဖြစ်ပါတယ်။ သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်ထားတဲ့ ဗွီဒီယိုအခွေတွေကို ဗွီဒီယိုပြစက်မှာ ထည့်ကြည့်ရသလို၊ အဆိုတော်တွေရဲ့ အသံသွင်းတိတ်ခွေတွေကို ကက်ဆက်မှာ ထည့်ဖွင့်ပြီး နားထောင်ရသလို ကျွန်တော်တို့ ဆွဲထားမယ့် Web site တွေကိုလည်း Browser တွေနဲ့ ဖွင့်ကြည့်မှရပါမယ်။

Browser အမျိုးမျိုးရှိပါတယ်။ အမျိုးမျိုးသော browser တွေကို ကျွန်တော်တို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ Website တွေကိုကြည့်မယ့် အလည်လာကြမယ့်သူတွေဟာ အမျိုးမျိုးသော browser တွေနဲ့ ဖွင့်လှစ်ကြည့်ရှုကြမှာ ဖြစ်လို့ပါပဲ။ တချို့က IE နဲ့ကြည့်မယ်။ တချို့က Firefox နဲ့ကြည့်မယ်။ တချို့က Chrome နဲ့ကြည့်မယ်။ တစ်ခုနဲ့တစ်ခုမတူပါဘူး။ ဘယ် Browser နဲ့ကြည့်ကြည့် ကျွန်တော်တို့ Website ဟာ ကြည့်လို့ အဆင်ပြေနေရပါမယ်။ အဲဒီလို အဆင်ပြေဖို့ ကျနော်တို့လုပ်ရပါမယ်။

2. လေ့လာရမယ့် Programming နည်းပညာရပ်များ

web site တွေကို တည်ဆောက်ဖို့ရာ Programming Language တစ်ခုခုတော့ဖြင့်တတ်ကျွမ်းရပါလိမ့်မယ်။ ပထမဆုံး အခြေခံအနေနဲ့ကတော့ HTML ကို တတ်ကျွမ်းနားလည်ရပါမယ်။ Web နဲ့ပတ်သက်ရင် HTML က မသိမဖြစ် ဘာသာစကားတစ်ခုပါ။ တတ်ကို တတ်ရပါမယ်။ ဒါပေမယ့် HTML လေ့လာပြီးတော့ ရပ်မနေသင့်ပါဘူး။ Website တစ်ခုကို စိတ်ဖြာခွဲခြားလေ့လာကြည့်မယ်ဆိုရင်.. အလွှာသုံးလွှာတွေ့ရပါမယ်။ ပထမအလွှာက Structure Layer လို့ခေါ်တဲ့ အခြေခံဖွဲ့စည်းမှုအလွှာဖြစ်ပြီး၊ ဒုတိယက Presentation Layer(တင်ပြပုံအလွှာ) ဖြစ်ပါတယ်။ ပြီးရင်တော့ Behaviour Layer (ပြုမှုလှုပ်ရှားအလွှာ) လို့ ခွဲခြားတွေ့မြင်နိုင်ပါတယ်။

အဲဒီမှာ Web page တစ်ခုကို HTML, XHTML တို့နဲ့ Structure ချတည်ဆောက်ရပါမယ်။ နောက် CSS နဲ့ တန်ဆာဆင်ရပါမယ်။ CSS နဲ့ Presentation အပိုင်းကို လုပ်ဆောင်ရပါမယ်။ နောက် Behaviour Layer မှာတော့ Java script တို့ JQuery တို့ကို အသုံးပြုရပါမယ်။ အဲဒီတော့ ကျနော်တို့ လေ့လာရမယ့် နည်းပညာတွေက  HTML, XHTML, CSS, Java Script နဲ့ JQuery တို့ကို ဦးစွာပထမ လေ့လာရပါမယ်။ ဒါက Website တည်ဆောက်ချင်သူတွေ Web Design ဖန်တီးချင်သူတွေအတွက် မသိမဖြစ်အခြေခံနည်းပညာရပ်တွေပါ။

ဘယ်လိုလေ့လာကြမလဲ?

ဘယ်လိုလေ့လာကြမလဲဆိုတော့..

(၁) နည်းပညာရပ်ဆိုင်ရာ သင်တန်းများမှတဆင့် တတ်ကျွမ်းနားလည်သော ဆရာ/ဆရာမများဖြင့် သင်ယူတတ်မြောက်ခြင်း

(၂) သက်ဆိုင်ရာ စာအုပ်များမှတဆင့် လေ့လာသင်ယူခြင်း (ပုံနှိပ်စာအုပ်များနှင့် Ebook များကို ဖတ်ရှုလေ့လာခြင်း)

(၃) Online မှတဆင့် ကိုယ်တိုင်လေ့လာသင်ယူခြင်း (Self Study Learning)

(၄) Learning Video များမှတဆင့် ကြည့်ရှု သင်ယူခြင်း

နိုင်ငံတိုင်း နိုင်ငံတိုင်းမှာတော့ Web Design, Web Development ပိုင်းဆိုင်ရာ သင်တန်းတွေ ရှိကြပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ စာအုပ်တွေကို ဖတ်ရှုလေ့လာပြီး သင်ယူတတ်မြောက်ခြင်းနဲ့ Online ရှိ Web Site များမှတဆင့် Self Study လေ့လာခြင်း အကြောင်းကို ပြောပြပါမယ်။ ကျွန်တော်တို့မှာ ပုံနှိပ်ထားတဲ့ Web ပိုင်းဆိုင်ရာ စာအုပ်တွေရှိပါတယ်။ Library တွေကနေငှားရမ်း၍ သော်လည်းကောင်း၊ စာအုပ်အရောင်းဆိုင်များမှ ၀ယ်ယူ၍ သော်လည်းကောင်း ပုံနှိပ်ထားတဲ့ စာအုပ်တွေကို ဖတ်ရှုလေ့လာနိုင်ပါတယ်။ ခုနပြောတဲ့ HTML, CSS နဲ့ Java script တွေနဲ့ပတ်သက်ပြီး Site point ကထုတ်တဲ့စာအုပ်တွေ၊ Oreilly ကထုတ်တဲ့စာအုပ်တွေ၊ Apress ကထုတ်တဲ့ စာအုပ်တွေရှိပါတယ်။ ဘာပဲပြောပြော သင်တန်းတက်နေတဲ့သူတွေကလည်း စာအုပ်တွေကို လေ့လာဖတ်ရှုရပါမယ်။ နောက်တစ်ခုက ပုံနှိပ်စာအုပ်တွေငှားမရဘူး၊ ၀ယ်မရဘူး။ ဒါဆို Online ကနေ Ebook တွေ ရှာဖတ်ရတော့မှာပေါ့။ ၀ယ်ဖတ်ရတော့မှာပေါ့။

ဘယ်လိုလေ့လာမလဲဆိုတာ မပြောခင်မှာ ဘာကိုလေ့လာချင်တာတုန်း ဆိုတာတော့ သိထားဖို့ရာလိုပါလိမ့်မယ်။ ကျွန်တော်တို့ HTML ကိုလေ့လာချင်ပါတယ်။ CSS ကိုလေ့လာချင်ပါတယ်။ Online Tutorial Website တွေက တဆင့် အခမဲ့လေ့လာသင်ယူနိုင်ပါတယ်။ အင်တာနက်မရှိဘူးဆိုရင်တော့ ဘယ်လိုမှသင်နိုင်မှာမဟုတ်ပါဘူး။ လေ့လာသင်ကြားပြီးရင်တော့ ပြန်လည်စမ်းသပ်လုပ်ကိုင်ခြင်းအဆင့်ရှိရပါမယ်။

Online Tutorial Website များ

1. HTML Tutorial

http://www.w3schools.com

http://htmldog.com

http://www.html.net

2. CSS Tutorial

http://www.w3schools.com/css

http://www.csstutorial.net/

http://www.learn-css-tutorial.com/

3. Java Script Tutorial Websites

http://www.w3schools.com/js/default.asp

http://www.learn-javascript-tutorial.com/

http://www.javascriptkit.com/javatutors/

ဒီ Website တွေကနေ သင်ခန်းစာတွေကို လေ့လာသင်ယူနိုင်ပါတယ်။ ဒါက ကျနော်အကြုံပြုထားတဲ့ Site တွေသာဖြစ်ပြီး တခြားလေ့လာလို့ရတဲ့ Tutorial Website တွေ အများကြီးရှိပါသေးတယ်။ အခြေခံမှစတင်သင်ယူဖို့ရာအတွက် ဒီဆိုက်လေးတွေကို လေ့လာမယ်ဆိုရင်ဖြင့် အကျိုးဖြစ်ထွန်းမယ်လို့ ပြောနိုင်ပါတယ်။ ကျွန်တော်တို့ မြန်မာလိုလေ့လာချင်တယ်ဆိုရင်လဲ မြန်မာလိုရှင်းပြသင်ကြားပေးတဲ့ Website တွေ ရှိပါလိမ့်မယ်။ မြန်မာလိုရေးသားထားတဲ့ စာအုပ်တွေလည်းရှိပါတယ်။ မြန်မာလိုရေးသားပြုစုခြင်းဟာ နည်းပညာရပ်တွေကို မိတ်ဆက်ပေးချင်းမျှသာဖြစ်တဲ့အတွက် တကယ့်တကယ် နှိုက်နှိုက်ချွတ်ချွတ်လေ့လာတတ်မြောက်ချင်ပါက အင်္ဂလိပ်လိုရေးသားထားသော စာအုပ်များ၊ Blog များ၊ Website များကိုသာ ဦးစားပေးလေ့လာဖတ်ရှုသင့်ကြောင်း ပြောလိုပါတယ်။

နားမလည်တာအကြောင်း မဟုတ်ပါဘူး။ နားလည်ဖို့ရာ မကြိုးစားခြင်းနဲ့ ရေသာခိုအချောင်လိုက်နေခြင်းကသာ ကျွန်တော်တို့ကို ဒီဘာသာစကားတွေ နည်းပညာတွေနဲ့ ဝေးဝေးသွားစေနိုင်ပါတယ်။ ဟုတ်ပါပြီ.. ကျွန်တော်တို့ ဒီနေ့ပြောပြသွားတဲ့ အကြောင်းအရာတွေကို အတိုချုပ်လိုက်မယ်ဆိုရင် နှစ်ခုရှိပါတယ်။ Web Design နဲ့ Web Development နည်းပညာရပ်တွေကိုလေ့လာမယ့်သူတွေအတွက် လိုအပ်တဲ့ Software တွေအကြောင်း နဲ့ လေ့လာရမယ့် Programming နည်းပညာရပ်တွေ အကြောင်း ဖြစ်ပါတယ်။ နောက်နေ့မှ ဆက်ကြပါဦးစို့ ….

အသိဥာဏ်ပညာဖြင့် အောင်မြင်သောဘ၀များကို လျှောက်လှမ်းနိုင်ကြပါစေ..

ဆောင်းချမ်းမိုး