Browsing articles in "Articles"
Jul
15
2010

Firefox 4 beta 1 Available for download


Window, Mac နဲ့ Linux OS တွေပေါ်မှာ အသုံးပြုနိုင်မယ့် Firefox 4 Beta 1 ကို ဒေါင်းလုပ်ရယူအသုံးပြုနိုင်ပြီ ဖြစ်ကြောင်း Mozilla က July လအစောပိုင်းက ကြေငြာခဲ့ပါတယ်။ ဒီမျိုးဆက်သစ် Browser ရဲ့ Final Version ကိုတော့ လာမည့် လအနည်းငယ်အတွင်းမှာ ထွက်ပေါ်လာမယ်လို့ ဆိုထားပါတယ်။

Firefox 4 Beta 1 ဟာ လက်ရှိ Firefox 3 ထက် ပိုမိုလျင်မြန်ပြီး စိတ်လှုပ်ရှားဖွယ်ရာ လှပတဲ့အသွင်အပြင်တစ်ခု အနေနဲ့လည်း တွေ့ရမှာဖြစ်ပါတယ်။ Firefox 4 ကို download ချပြီး သုံးစွဲကြည့်တဲ့အခါ အသစ်အသစ်သော Feature များအပြင် တခြား browserတွေနဲ့ ကွာခြားမှုကိုလည်း တွေ့ရမှာဖြစ်ပါတယ်။
Read more …

Share This Post
Dec
20
2009

Web Design နှင့် Graphic Design တို့၏ ကွာခြားချက်များ

ဒီဇိုင်းနဲ့ပတ်သက်လာရင် ရောထွေးလွန်းတတ်တဲ့ Web Design နဲ့ Graphic Design အကြောင်းကို အနည်းငယ်ရှင်းပြချင်ပါတယ်။ အလွယ်ဆုံးနားလည်ထားကြတာကတော့ Graphic Design ဆိုတာ Printing ပိုင်းက ပိုစတာတွေ၊ လက်ကမ်းကြော်ငြာတွေ၊ ဆိုင်းဘုတ်တွေ၊ သတင်းစာ၊မဂဇင်း Layout ဒီဇိုင်းတွေ၊ လိပ်စာကဒ်၊ လိုဂိုတွေ၊ Package တွေကို ဒီဇိုင်းလုပ်ပေးတဲ့အပိုင်းလို့ အလွယ်တကူနားလည်ထားကြပါတယ်။ Web Design ဆိုတာကတော့ Web Site တွေကို တည်ဆောက်တဲ့နေရာမှာ Site တစ်ခုလုံးကိုဖြစ်စေ၊ အစိတ်အပိုင်းတွေကိုဖြစ်စေ ဒီဇိုင်းလုပ်ပေးရတဲ့ အပိုင်းပေါ့။

တကယ်တော့ ဒီဇိုင်းပညာရပ်နှစ်ခုစလုံးဟာ ကျယ်ပြန့်နက်နဲလှသလို စိတ်ကူးစိတ်သန်း၊ တင်ပြမှု၊ အသွေးအရောင်၊ အသွင်အပြင် Read more …

Share This Post
Nov
6
2009

ကျွန်တော်အကြိုက်ဆုံးစာအုပ်တစ်အုပ်

ကျနော်ငယ်ငယ်က ဖေဖေရဲ့ စာအုပ်စင်ပေါ်မှာ တွေ့ခဲ့ပြီး ဒီစာအုပ်လေးထဲက ပုံပြင်လေးတွေကို ဖတ်ခဲ့ပါတယ်။ စာရေးဆရာက ဘာတွေပြောထားသလဲဆိုတာ နားမလည်သေးပါဘူး။ ကျနော်အထက်တန်းကျောင်းသားဘ၀ အပျင်းပြေဖတ်စရာမရှိတော့ ဒီစာအုပ်လေးကိုကြည့်မိပါတယ် . . . နန္ဒာသိန်းဇံ “ ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း” တဲ့ ။ ဖတ်ကြည့်တော့ နားလည်ပေမယ့် ကောင်းကောင်းသဘောမပေါက်သေးပါဘူး။ နောက်ပိုင်းမှာတော့ လူငယ်ဘ၀ တက္ကသိုလ်ကျောင်းသားဘ၀ကစပြီး အခုအချိန်ထိ ကျနော့်ဘေးနားမှာ အမြဲ ရှိနေတဲ့ စာအုပ်တစ်အုပ်ဖြစ်လာခဲ့ပါတယ်။
Read more …

Share This Post
Jul
11
2009

မိုက်ကယ်


မိုက်ကယ်ဂျက်ဆင်
မိုက်ကယ်ဂျက်ဆင်
အိမ်မှာ တီဗွီဖွင့်လိုက်တော့လည်း မိုက်ကယ်ဂျက်ဆင်၊
အိမ်ကလူတွေ ပြောနေကြတာလဲ မိုက်ကယ်ဂျက်ဆင်။
ရုံးမှာလည်း ဒီဇိုင်နာမမတွေက သူ့ဗွီဒီယိုတွေဖွင့်ကြည့်ကြ သူ့အကြောင်းတွေပြောကြနဲ့ ။
သတင်းစာ၊ မဂ္ဂဇင်းစာမျက်နှာတွေမှာလည်း မိုက်ကယ်ဂျက်ဆင်။
Read more …

Share This Post
Jul
6
2009

လက်ပတော့တစ်လုံး၊ မိုဘိုင်းဖုန်းနှင့် ဂစ်တာတစ်လက်၊ ကော်ဖီတစ်ခွက်

(က)
Laptop တစ်လုံး

သိပ်ချစ်စရာကောင်းတဲ့ အရာလေးပါ။ ကျနော် သူမရှိရင်မနေတတ်တော့ဘူး။
အမှန်ပါပဲ..။ မိဝေးဖဝေး မိသားစုနဲ့ဝေး၊ ညီအကိုမောင်နှမတွေနဲ့ဝေး၊ သူငယ်ချင်းတွေနဲ့ဝေး၊ အမိမြေနဲ့ဝေး၊ ဟိုအဝေးတစ်ပြည်ရပ်ခြားမှာ ကျနော့််အနားမှာရှိနေတတ်တဲ့ အဖော်၊ ကျနော့်ရဲ့ချစ်လှစွာသော ရောင်းရင်း၊ ကျနော့်ရဲ့ အားကိုးရတဲ့မိတ်ဆွေ၊ ကျနော့်ရဲ့ပညာသင်ဖက် သူငယ်ချင်း၊
အဲဒီလို လက်ပတော့လေးဟာ ကျနော့်ရဲ့အလင်းရောင်လေးတစ်ခုလဲ ဖြစ်ရဲ့ ..

ငယ်ငယ်တုန်းက ထီပေါက်ရင်ဘာဝယ်မလဲလို့ စိတ်ကူးယဉ်မိတဲ့အခါ ကျွန်တော်လိုချင်ခဲ့တာ Laptop တစ်လုံးပါ။ Laptop တစ်လုံးနဲ့ ကောင်မလေးတစ်ယောက် ဘယ်ဟာကိုရွေးမလဲဆိုရင် Laptop လေးကိုပဲရွေးချယ်မိမှာအမှန်ပါပဲ။ ဘယ်လိုမှ မပစ်ပယ်နိုင်ပါဘူး။ ကျနော်ကွန်ပျူတာကိုစွဲလန်းခဲ့တာ ဆယ်နှစ်ကျော်ခဲ့ပြီပဲ။ ကျနော်တို့သံယောဇဉ်က ဆယ်နှစ်ကျော်ခဲ့ပြီလေ။ အဲဒီတော့ သံယောဇဉ်က ကြီးလွန်းလှတာပေါ့။

အခုဆို ပိုဆိုးလာပါတယ်။ မီးပျက်တယ်ဆိုတာလဲမရှိတော့ သူနဲ့ကျနော် ဆက်ဆံရေးက အမြဲလက်ပွန်းတတီး ဖြစ်နေခဲ့တယ်လေ။ သူ့ခလုပ်ကလေးတွေပေါ်မှာ ကျနော့်လက်ကလေးတွေ ပြေးလွှားရင်း အင်တာနက်လှိုင်းလုံးတွေပေါ် ကျနော်ကစားရတာ ပျော်တယ်။ ကိုယ့်ပြသနာတွေ သူကရှင်းပေးလိုက်၊ သူ့ပြသနာတွေ ကိုယ်ကရှင်းလိုက်နဲ့ လမ်းခရီးတစ်လျှောက်အတူတူ ပုခုံးဖက်သွားရတာ .. ပျော်တယ်။

တခါတလေလည်းကျနော်က သူ့ကိုစိတ်ဆိုးစိတ်ကောက်တတ်ပါသေးတယ်။ အချိန်အတော်ကြာအောင်ပစ်ထားမိတတ်ပေမယ့် ကျနော်မနေနိုင်ပါဘူး။ ကျနော်ပြန်လည်ဖက်တွယ်မိတတ်ပါတယ်။
အင်တာနက်နဲ့ လက်ပတော့သာရှိမယ်ဆိုရင် ကျနော့်လိုချင်တာတွေ အမှန်မုချ ဖြစ်လာရမှာပဲ။ သူလက်ကိုတွဲ ကျနော် ရဲရဲကြီး ကြုံးဝါးခဲ့ဖူးတယ်။ အဲဒီလို သူဟာ ကျနော့်အတွက် ထာဝရမိတ်ဆွေကောင်းတစ်ယောက်ဖြစ်ခဲ့တာပါ။

(ခ)
မိုဘိုင်းဖုန်း

ကျနော်က ပကာသနတွေကို မက်မက်မောမောစားသုံးတတ်သူ မဟုတ်ပါ။
ကျနော့်မှာ လက်တလော ဟမ်းဖုန်းလေးတစ်လုံး ရှိပါတယ်။ ဖုန်းလေးရခါစကတော့ ဖုန်းပြောရုံ မက်ဆေ့ပိုရုံကလွဲလို့ ဘာလုပ်ရမှန်းမသိလို့ စိတ်မ၀င်စားခဲ့ဖူးပါဘူး။ နောက်တော့ ပျင်းတဲ့အခါ လျှောက်ပြီးကလိရင်းက ဂိမ်းကစားတတ်လာတယ်။ တွေ့သမျှအမှတ်တရဆိုပြီး ဓါတ်ပုံတွေရိုက်ရင်း ဖုန်းလေးနဲ့ ကင်မရာလေးကိုသဘောကျလာပါတယ်။ သီချင်းဝါသနာပါတဲ့သူမို့ နားကြပ်လေးတတ်ပြီး သီချင်းလေးတွေနားထောင်တတ်ပါတယ်။
ဘလူးတုလေးသုံးလိုက်၊ USB လေးသုံးလိုက်နဲ့ သူနဲ့ ကျနော့်လက်ပတော့လေးနဲ့က သူငယ်ချင်းဖြစ်သွားပါတော့တယ်။
ပန်းခြံထဲမှာထိုင်ပြီး ကဗျာရွတ်ရင်း ဖုန်းလေးနဲ့ ကိုယ့်အသံကိုသွင်းတယ်။ ငယ်ငယ်တုန်းက အကြောင်းအရာလေးတွေ ပြန်စဉ်းစား၊ ငယ်ငယ်တုန်းက ကလေးကဗျာလေးတွေပြန်ဆိုပြီးတော့ အသံသွင်းဖြစ်တယ်။ အဲဒီဖုန်းလေးက ချစ်စရာလေးပါဗျာ။

ကျနော်ပေါ့ဆမိလို့ ကုတင်ပေါ်က ပြုတ်ကျရတာလဲ အခါခါ။ တခါမှလည်းကွဲသည်နာသည်မရှိ။ အကြမ်းပရမ်းအတော်ခံသည့်ကောင် ..။

မနက်ခင်းသူ့ကျပြန်တော့လည်း သူ့ကိုပဲ အားကိုရတယ်။ ကျနော့်မှာ နှိုးစက်နာရီမရှိတော့ ..။ သူ့ကို နှိုးခိုင်းရတယ်။ ကျနော့်အတွက် နာရီဆိုလဲ..သူ။ ပြက္ခဒိန်ဆိုလဲ..သူပဲပေါ့။

အလုပ်အားတဲ့ရက် ညီအစ်ကိုတတွေ၊ သူငယ်ချင်းတတွေ တွေ့ကြဆုံကြဖို့ချိန်းတဲ့အခါ… မြန်မာပြည်က မိသားစုတွေ၊ သူငယ်ချင်းတွေဆီဖုန်းဆက်တဲ့အခါ.. သူရှိနေတော့ ကျနော့မှာ တော်တော်လေးအဆင်ပြေပါတယ်။

တစ်နေ့က တော့ မျက်နှာငယ်လေးနဲ့ ကျနော့်ကို ခပ်တိုးတိုးလေးလာပြောပါတယ်။ ကျနော်က သူ့ကို အသုံးချလို့ရလို့ပေါင်းတာပါတဲ့။ ကျနော့်အတွက် မလိုအပ်တဲ့တစ်နေ့ကျရင် သူ့ကို စွန့်ပစ်သွားမှာသူသိပါတယ်တဲ့။
ကျနော်သနားသွားပါတယ်။ ကျနော် သူ့ကိုသံယောဇဉ်တွယ်နေမိပါပြီ။ ကျနော့်စိတ်ထဲမှာလဲ သူ့ကို မစွန့်ပယ်နိုင်တော့ပါဘူး။ ကျနော့်အတွက် အသုံးဝင်လွန်းလို့ မြတ်မြတ်နိုးနိုး တန်ဖိုးထားပါတယ်။ ကျနော်သွားလေရာမှာ သူအမြဲပါပါတယ်။ အဲဒီလိုနဲ့ ဖုန်းကလေးက မေ့ကျန်ခဲ့လို့မရတဲ့ အရာတစ်ခုဖြစ်လာပါတော့တယ်။

(ဂ)
ဂစ်တာတစ်လက်

ခင်ဗျားတို့ … လူငယ်ဘ၀ကို ဘယ်လိုဖြတ်သန်းခဲ့ကြပါသလဲ။
ကျနော်.. ဂစ်တာတစ်လက်နဲ့ ဖြတ်သန်းခဲ့ပါတယ်။
အဲဒီလို ဂစ်တာတေးသံတွေနဲ့အတူ ကျနော်နဲ့ ကျနော့် ဂစ်တာလေးဟာလည်း ဆွတ်ပျံ့လွမ်းမောဖွယ်ရာညတွေရဲ့ လရောင်လွင်ပြင်မှာ အတူတူဖြတ်သန်းခဲ့ကြဖူးပါတယ်။
ရပ်ကွက်ထဲမှာ၊ လမ်းမပေါ်မှာ၊ အဆောင်ရှေ့မှာ၊ အိမ်ရှေ့ကွပ်ပျစ်ပေါ်မှာ … ဂစ်တာလေးကိုထွေးပိုက် ကြည်နူးစရာတေးသံလေးတွေ၊ လွမ်းဆွတ်စရာ တေးသီချင်းလေးတွေကို ဖန်ဆင်းခဲ့ဖူးတယ်။

စိတ်ညစ်ညူးစရာမှန်သမျှ ဂစ်တာတီးပြီးသီချင်းဆိုလိုက်ရင် အားလုံးက ပြေလျော့သွားခဲ့ပါတယ်။ တစ်ခုခုကြောင့် အဆင်မပြေဒေါသထွက်လာတဲ့အချိန်၊ စိတ်မကြည်မလင်ဖြစ်တဲ့ အချိန်တွေမှာ ဂစ်တာလေးက ကျနော့်ရဲ့ စိတ်ထွက်ပေါက်၊ စိတ်ဖြေသိမ့်စရာ အရာလေးတစ်ခုဖြစ်ခဲ့တာပါ။ ဂစ်တာကြိုးလေးတွေပေါ်မှာ ကျနော့်လက်ချောင်းလေးတွေ ပြေးလွှားတဲ့ အချိန်၊ ခပ်တိုးတိုးလေး ညည်းဆိုလိုက်တဲ့ သီချင်းစာသားအပိုင်းအစတစ်ချို့ … အဲဒီလို ကျနော့်ရင်ခုန်သံတွေကို ဂစ်တာလေးနဲ့ ခြွေ..ခြွေ ချခဲ့ဖူးတယ်။

အခုတော့ကျနော့် ဂစ်တာလေးကို လွမ်းနေတယ်။
အခန်းထောင့်မှာထောင်ထားတဲ့ ကြိုးလျော့နေတဲ့ ဂစ်တာလေးတစ်လက်ဟာ သူ့သခင်ရဲ့ ထွေးပွေ့မှုကို မျှော်လင့်တကြီး စောင့်စားနေရှာမှာပဲ။ ဂစ်တာလေးသာ စကားပြောတတ်မယ်ဆိုရင်လေ .. သူလဲ ကျနော့်ကို လွမ်းနေတာပါလို့ ပြောမှာသေချာပါတယ်။

လူငယ်ဘ၀မှာ ဂစ်တာလေးနဲ့အတူ ဖြတ်သန်းခဲ့ရတဲ့အတွက် ဂစ်တာလေးကို ကျေးဇူးအများကြီးတင်မိတယ်။ သူ့ကြောင့် ကျနော့်စိတ်ထွက်ပေါက်တွေ မကောင်းတဲ့နေရာကို ရောက်မသွားခဲ့တာပေါ့။ စိတ်ညစ်လို့ အရက်မသောက်ဘူး.. စိတ်ညစ်လို့ ဂစ်တာတီးတယ်။ အသည်းကွဲလို့ အရက်မသောက်ဘူး .. အသည်းကွဲလို့ ဂစ်တာတီးလိုက်တယ်။

သူငယ်ချင်းတွေ အပြင်သွားရအောင်လာခေါ်ကြတဲ့အခါ ကျနော်.. ဂစ်တာတီးနေတတ်ပါတယ်။ ထမင်းစားရအောင်လို့ မေမေလာခေါ်တဲ့အခါ ကျနော်.. ဂစ်တာတီးနေတတ်ပါတယ်။ ဂစ်တာနဲ့ ကျနော်၊ ကျနော်နဲ့ ဂစ်တာက ခွဲလို့မရတဲ့ အရာတစ်ခုပါ။

အခုလား….
အခု ကျနော်ဂစ်တာတီးနေတယ်လေ..
ကျနော့်ဂစ်တာလေးမဟုတ်တဲ့ ဂစ်တာတစ်လက်ကိုပေါ့ ။
တချိန်က အတူတွဲခဲ့ဖူးတဲ့ ဂစ်တာလေးရယ်..ငါ့ကို ခွင့်လွှတ်ပေးပါကွယ်…

(ဃ)
ကော်ဖီတစ်ခွက်

ကျနော်ကတော့ စူပါမှ စူပါပဲဗျာလို့ ကိုလွင်မိုးကဆိုလာတော့ ကျနော့်ကိုယ်ကျနော် ပြုံးမိပါတယ်။ ကျနော်ကတော့ ကော်ဖီမှကော်ဖီပဲဗျာလို့လဲ သူ့လိုမျိုး လိုက်ပြောဖြစ်တယ်။

ကျနော် အရင်က လဘက်ရည်ကိုကြိုက်ခဲ့တယ်။ အညာသားတွေက အချိုကြိုက်တယ်လေ။ ချိုစိမ့်တို့ ဖန်ချိုတို့ပေါ့။ လဘက်ရည်ဆိုင်ထိုင်တာကိုက အလုပ်တစ်ခုလိုမျိုးပဲ။ သွားနေကျမသွားရရင် မနေနိုင်ဘူး။ အဲလိုပဲ သောက်နေကျ မသောက်ရရင်လဲ မနေနိုင်ခဲ့ဘူး။ လက်ဘက်ရည်ဆိုင်မှာ ကျနော်တို့ သူငယ်ချင်းတစ်စုတွေက လဘက်ရည်လေး၊ ကော်ဖီလေးတွေကို အရသာခံသောက်ရင်း စကားပြောနေကျ၊ ငြင်းခုန်နေကျကိုး။

နောက်ပိုင်းမှာ မနက်ခင်းကျောင်းသွားတယ် ကော်ဖီနဲ့မုန့်ကျွတ် (ရွှေကျီးမုန့်ကျွတ်ဗျ)၊ ကျောင်းမှာ ကင်တင်းန်ထိုင်တော့လဲ စူပါကော်ဖီ၊ ကျောင်းကပြန်လာ ၇၃လမ်း၊ ယူနီစန်မှာ သူငယ်ချင်းတတွေ ထိုင်ကြတော့လည်း စူပါ၊ ညပိုင်း စာကြည့်တဲ့အခါ သောက်မိတာကလည်း စူပါကော်ဖီပါ။ လဘက်ရည်ဆိုင်မှာ ကျနော်လက်ခုပ်တီးလိုက်ရင် စာပွဲထိုးလေးတွေက စူပါတစ်ခွက် အမြန်လာချပေးလေ့ရှိပါတယ်။ အဲဒီလိုနဲ့ ကော်ဖီက ကျနော့်ဘ၀ထဲကို တစ်စတစ်စ ၀င်ရောက်လာခဲ့တယ်။

ကော်ဖီတစ်ခွက်ဟာ စွဲမက်ဖွယ်ရာကောင်းပါတယ်။ ဆွေမျိုးမေ့အောင်ကောင်းတဲ့ အရသာဟာ ကော်ဖီတစ်ခွက်ပါပဲ။
အခုတော့စူပါကနေ နက်စ်ကဖေး(အ၀ါ)ကို ပြောင်းပြီး သောက်ဖြစ်ပါတယ်။ အရသာက နည်းနည်းလေး ကွဲလွဲနေပါတယ်။ ဒါပေမယ့်ကော်ဖီကြိုက်တဲ့လူကတော့ ကော်ဖီလေးသောက်နေရရင် ကျေနပ်နေတာပါပဲ။ ဒါပေမယ့် လွမ်းစရာကောင်းတဲ့အရသာလေးကတော့ စူပါကော်ဖီမစ်ပါပဲဗျာ။

မေမေက ကော်ဖီသောက်ရင် မကြိုက်ပါဘူး၊ ကော်ဖီသောက်ရင် တတွတ်တွတ်ပြောနေတတ်ပါတယ်။ ကော်ဖီသောက်တာများတဲ့နေတွေဆို ဂစ်တာတီးလိုက် ကွန်ပျုတာသုံးလိုက်နဲ့.. မိုးလင်းသွားတတ်ပါတယ်။ ကျနော်ကလည်း ကော်ဖီဆို အနည်းဆုံးတစ်နေ့သုံးခွက်ပါပဲ။ အဲဒီလိုကော်ဖီက ကျနော့်ရဲ့ အချစ်ဆုံးလေးပါ။

ကဗျာဆရာကြီး အိုမာခရမ်ရေးခဲ့တဲ့ ကဗျာလေးကို သတိရမိပါတယ်။
“သစ်ရိပ်အောက်မှာ
ပေါင်မုန့်တစ်ချပ်
ဝိုင်တစ်ခွက်နဲ့
ချစ်သူသာအနားမှာရှိနေမည်ဆိုပါလျှင်
လောကဟာ ပြည့်စုံဖွယ်အတိ
ဖြစ်နေပါလိမ့်မည်..” တဲ့။

ကျနော်အတွက် ကတော့ လက်ပတော့တစ်လုံး၊ မိုဘိုင်းဖုန်းနဲ့ ဂစ်တာတစ်လက်၊ ကော်ဖီတစ်ခွက်သာ ရှိနေခဲ့မယ်ဆိုရင်လေ..
ချစ်သူတစ်ယောက်မလို..
လောကကြီးဟာ ပြီးပြည့်စုံသွားပါတော့တယ်။

ဆောင်းချမ်းမိုး

Share This Post
Jun
7
2009

သူငယ်ချင်း ဂရပ်ဖစ်ဒီဇိုင်နာများ သို့

မောင်ထင်ရေ..

ငါသတိရခြင်းများစွားနဲ့ စာရေးလိုက်ပါတယ်ကွာ..
မင်းရော အလုပ်အကိုင်တွေအဆင်ပြေရဲ့လား..
မတွေ့ရတာလဲ ကြာပြီကွာ။ အရင်ကလို လက်ဖက်ရည်ဆိုင်ထိုင်ရင်း သူငယ်ချင်းတစ်တွေ ရောက်တတ်ရာရာ မပြောရတာ ကြာပြီနော်။
ငါကတော့ ဒီမှာ မင်းတို့ကိုတအားသတိရတယ်။ ဘာပဲဖြစ်ဖြစ် မင်းတို့ဒီကိုလာမယ်ဆိုရင်တော့ ပိုကောင်းမယ်။ မင်းတို့ အမြင်ပိုကျယ်တာပေါ့ကွာ..။ ဒီမှာကတော့ လူမျိုးပေါင်းစုံဆိုတော့ နိုင်ငံတကာ ယဉ်ကျေးမှုပေါင်းစုံ၊ အသွင်အဆန်း၊ ဒီဇိုင်းပေါင်းစုံ ပေါ့ကွာ။ ပြောရရင် ဒီနိုင်ငံက အရှေ့လိုလို အနောက်လိုလို လူတွေနဲ့ယဉ်ကျေးမှုတွေက တအားရောယှက်နေတယ်။ ငါတို့နိုင်ငံမှာတော့ မြန်မာယဉ်ကျေးမှု မြန်မာဒီဇိုင်း မြန်မာစာလုံးတွေနဲ့ ကိုယ်ပိုင်အနုပညာတွေရှိကြပါတယ်။ ဒါပေမယ့်ကွာ ငါ့အမြင်ကတော့ ဒီဇိုင်နာတစ်ယောက်ရဲ့ စိတ်ကူးစိတ်သန်းတွေဟာ သူ့အမြင်သူ့အာရုံတွေပေါ်မှာ မူတည်နေတယ်လို့ထင်တယ်ကွာ။
နေရာဒေသတစ်ခုနဲ့ တစ်ခုတောင်မှ ဒီဇိုင်းအမြင်မတူကြသေးတာကွာ။ ငါတို့ မြန်မာဒီဇိုင်းနာတွေ နိုင်ငံတကာကို ၀င်ဆန့်နိုင်ဖို့ ဆိုတဲ့နေရာမှာ နည်းပညာတစ်ခုတည်းတင်မဟုတ်ပဲ ဖန်တီးနိုင်တဲ့ အရည်အချင်းတွေနဲ့ စိတ်ကူးစိတ်သန်းတွေ ရှိဖို့ရာ အဓိက အရေးကြီးတယ်လို့ ငါမြင်တယ်ကွာ။

ငါတို့ပြောခဲ့တဲ့အတိုင်းပဲ Photoshop လောက် Illustrator လောက်တတ်ပြီး၊ Graphic Design Software Tools တွေကိုသုံးတတ်ရုံနဲ့ ဒီဇိုင်နာ မဖြစ်ဘူးဆိုတာလေကွာ။ မှတ်မိကြမှာပေါ့။ ဒီမှာက Graphic Designer တွေအတွက် အလုပ်ခေါ်ရင် Art School ကပြီးတာလား Graphic Design ကျောင်းကပြီးတာလား စသဖြင့် ကြည့်တတ်ကြပါတယ်။ ငါတို့ဆီမှာကတော့ သင်တန်းတွေမှာ Photoshop, Illustrator သင်ပြီးရင် Graphic Designer ဖြစ်ပြီလို့ထင်နေကြပါတယ်။ ဒီအဆင့်ဟာ အသက်မွေးဝမ်းကြောင်းအဖြစ် စနိုင်ရုံပဲရှိပါဦးမယ်။ ငါတို့ ငြင်းခုံခဲ့ကြသလိုပဲ Creative က အဓိကပဲ။ ဒါပေမယ့် အဲဒီထက် အဓိကကျတာက ဒီဇိုင်းအမြင်ရှိဖို့ပဲ။

မောင်ထင်ရေ..
မင်းနဲ့ပေါင်းပြီး ဆိုင်းဘုတ်ဒီဇိုင်းတွေ ငေးခဲ့ရာက ငါမှာ ဆိုင်းဘုတ်တွေမြင်ရင် ဒီဇိုင်းတွေကို လိုက်ကြည့်တတ်တဲ့ အကျင့်က စွဲနေပါပြီ..။ မှတ်မိပါသေးတယ်ကွာ .. အရောင်က ဘာကိုသုံးထာတာ၊ ဘယ်လိုအရောင်တွေစပ်ထားတာ၊ Fontက အထူ၊အပါး ဘယ်လို၊ စောင်းထားတာ၊ အနားတွေဘယ်လိုကွပ်ထားတာ၊ စသဖြင့် ငါတို့တွေ လမ်းဘေးဝဲယာတစ်လျှောက် တွေ့သမျှကြော်ငြာဆိုင်းဘုတ်တွေ၊ မြင်သမျှ ဒီဇိုင်း၊ ပန်းချီ၊ ဓါတ်ပုံတွေကို လေ့လာဝေဖန်သုံးသပ်ခဲ့ကြတာတွေ..။ အဲဒီလို ငါတို့တွေဟာ လေ့လာစရာ နယ်ပယ်ကျဉ်းကျဉ်း၊ ဘောင်ကျဉ်းကျဉ်းလေးထဲမှာ ငါတို့ရဲ့အမြင်တွေကိုတော့ တတ်နိုင်သလောက် ဖွင့်ထားနိုင်ခဲ့ကြတယ်လေ..။ ပြီးတော့ မင်းက ဒီဇိုင်းတစ်ခုလုပ်ပြီဆိုရင် တော်တော်လေးကို စိတ်ရှည်တတ်တယ်။ မင်းစိတ်တိုင်းကျပြီဆိုမှ လွှတ်တတ်တယ်။ ဒီရောက်တော့ ငါ မင်းကို ပိုသတိရတာပေါ့..။

အလုပ်ထဲမှာ ပေါင်းရတာတွေကလည်း Graphic Designer တွေဆိုတော့ ငါမင်းကို ပိုသတိရတယ်။ ပြီးတော့ လုပ်ငန်းထဲက အတွေအကြုံတွေ တချို့ကို ငါ မင်းကိုပြောပြချင်တယ်။ မင်း စိတ်ဝင်စားမယ်ဆိုတာလဲ ငါသိတယ်။

(၁) အသုံးချ ဆောဖ်ဝဲများ
ဒီမှာက ဒီဇိုင်နာတွေက Adobe InDesign ကို အဓိကထား သုံးကြတယ်။ InDesign ထဲမှာပဲ အကုန်လုပ်တယ်။ Publishing ပိုင်း ဆိုတော့ Indesign က အဓိကပဲလေ။ ငါတို့ မြန်မာပြည်မှာကတော့ PageMaker ပေါ့ကွာ။ ဒါပေမယ့် PageMaker က အဝေးကြီးမှာ ကျန်ခဲ့ပါပြီ။ InDesign က သုံးရတာ တော်တော်လေး ကောင်းပါတယ်။ နောက် Vector ပုံတွေအတွက် Adobe Illustrator နဲ့ Photo တွေ အတွက် Adobe Photoshop ကိုသုံးကြတယ်။ Indesign နဲ့ပတ်သက်ရင်တော့ အားလုံးက ဆရာကြီးတွေပဲ။ အဲဒါက ဒီမှာ Graphic Designer အများဆုံးသုံးကြတဲ့ ဆော့ဖ်ဝဲတွေပဲ။ Version ကတော့ CS4 ဆိုတဲ့ အမြင့်ကြီးတွေ မသုံးနိုင်သေးပါဘူး။

(၂)ကာလာသီအိုရီ
နောက်တစ်ခုက အရောင်။ အရောင်တွေနဲ့ ပတ်သက်ပြီး မင်းနဲ့ငါနဲ့ပြောခဲ့သလိုပဲ ပတ်ဝန်းကျင်ဒေသက အရောင်တွေကို စိုးမိုးထားတယ်ဆိုတာလေကွာ..။ ဥပမာ ကုလားတွေက အစိမ်းကိုကြိုက်ကျတယ်။ အဲဒီအစိမ်းကိုပဲ ဂျပန်တွေက တစ်မျိုး၊ မကြိုက်ကျပြန်ဘူး။ ငါတို့ဆီမှာ တချို့က အနက်ရောင်ကို မကြိုက်ကျသလိုပေါ့ကွာ။ ပြီးတော့ မြန်မာမှာ အများစုက အရောင်ကို ဂရုမစိုက်ကြဘူး။ အရောင်တောက်တောက်ကြီးတွေ သုံးကြတယ်။ ဒီမှာ အဲလိုမသုံးကြဘူး။ pantone colour တွေကို အသုံးများတယ်။ ငါမှာ Graphic Design ကိုလည်း လေ့လာခဲ့ရပြန်တော့ ငါ့ထက်ဒီဇိုင်းပိုတော်တဲ့ မင်းကို ဒီကိုလာခဲ့စေချင်တာပါ။ Color Theory ကိုလည်း ဘာသာရပ်တစ်ခုသဖွယ် ငါတို့ စနစ်တကျလေ့လာရပါမယ်။

(၃) Typography
နောက်တစ်ခုက Typography.. အဲအပိုင်းမှာ အဓိကအသုံးများတာကတော့ ငါတို့အကြိုက် Helvetica font ပဲကွ။
ဖောင့် အထူအပါး၊ အကျဉ်းအကျယ်၊ အစောင်းအတည့်၊ ဖောင့်ကာလာ၊ ပြီးတော့ Line Height, Line Spacing တွေ..။ အဲဒီနေရာမှာ ငါတို့မြန်မာတွေက မြန်မာဖောင့်တွေအများဆုံးသုံးလာခဲ့ကြတာ။ ဒီမှာ English နဲ့ Chinese Font တွေပဲ သုံးကြတာဆိုတော့ အနည်းငယ်တော့ ကွာခြားသွားမယ်။ ငါထင်တယ် ဒါကလည်း မင်းအတွက်သိပ်အရေးမကြီးပါဘူး။ ဒါပေမယ့် မင်းသိထားသင့်တယ်။ ဒီမှာကတော့ Typography ဆိုတာကလည်း ဘာသာရပ်တစ်ခုပဲလေ။ သူကို သီးသန့်ထပ်လေ့လာရမယ်ကွာ။ Typography နဲ့ ပတ်သက်ပြီး ဆိုက်တွေလည်းရှိပါတယ်။ ငါလဲ တတ်နိုင်သမျှ လေ့လာထားတဲ့ဆိုက်လေးတွေ တင်ပေးပါ့မယ်။

(၄) Measurement, File Format, Layout and Color Separation
Measruement အပိုင်းမှာတော့ ဒီမှာ cm, mm(မီလီမီတာ)ကို သုံးတယ်။ အဲဒါလေးလဲ သတိထားလာခဲ့ကွာ။ ခန့်မှန်းရတာ မလွယ်ဘူးကွ။ အဲဒါလဲ ငါတို့ မြန်မာနဲ့ ခြားနားချက်တစ်ခုပဲလေ။ နောက်တစ်ခုက ဖိုင် format တွေ။ Indesign file format ကနေ pdf file formal အဖြစ်နဲ့ နောက်ဆုံးအဆင့်မှာ ထွက်မယ်လေကွာ။ အဲဒီတော့ Indesign ကို save တဲ့အခါ ဘယ်လိုပုံစံတွေနဲ့ save မယ်ဆိုတာတွေကို လေ့လာပါ။ layout ပိုင်းကတော့ ကွာတယ်ကွာ။ ဒီက ဒီဇိုင်း sample တွေကို ကြည့်ရင်မင်းသိပါလိမ့်မယ်။ ဒီက flyer တွေ၊ Mailer တွေ၊ Broucherတွေ၊ မြင်ရင် အဲဒီ layout Design တွေကို လေ့လာပါ။

(၅) ဘာသာစကား
သူငယ်ချင်းရေ..ဘာသာစကားက ဒီမှာအရေးကြီးဆုံးပဲကွာ။ တခြားသူတွေထက် ဂရပ်ဖစ်ဒီဇိုင်နာတွေက ပိုပြီးအရေးကြီးပါတယ်။ client တွေ၊ customer တွေနဲ့ ဆက်ဆံရတဲ့အခါ သူတို့လိုချင်တာတွေ ကိုယ်လုပ်ပေးမယ့်အရာတွေ ပြောကြဆိုကြတဲ့အခါ၊ အရေးပါလာတယ်။ ငါတို့ မြန်မာပြည်မှာတောင် တို့တစ်တွေ တခါတလေ လိပ်ပတ်လည်အောင်ပြောကြဆိုကြရတာတွေ ရှိတယ်လေ။
ဒီမှာ client အများစုက chinese တွေဆိုတော့ တရုတ်စကားပြောတတ်ရင်တော့ အကောင်းဆုံးပေါ့။ ဒီမှာ မြန်မာဒီဇိုင်းနာတွေအတွက် ကွာဟချက်တစ်ခုက ပြောဆိုဆက်ဆံမှု ဘာသာစကားဖြစ်နေတယ်ကွာ။

မောင်ထင်ရေ..
ငါက Graphic Designer တစ်ယောက်မဟုတ်ပေမယ့် အဲဒါတွေကိုလည်း လေ့လာခဲ့ရတော့ ငါသိသလောက်၊ ငါမြင်တွေ့သလောက်လေးကိုတော့၊ မင်းကို ပြောပြခဲ့ပီးပြီ။ ဒီထက် ပိုလေ့လာပြီးရင် ငါမင်းကို ပြောပြပါအုံးမယ်။ မင်းလဲ ငါ့ဆီကို အီးမေးလ်ပို့အုံးလေကွာ။ နောက်တစ်ခုကျန်နေတာက ငါအခု Apple ကွန်ပျူတာကိုသုံးနေရတယ်။ OS က Mac OS X လေကွာ။ ဒီမှာ Designer တွေက Apple ကို သုံးကြတယ်။ အဲဒီတော့ ငါတို့၊ မင်းတို့ Window ကိုသုံးပြီး နှိပ်လာခဲ့တဲ့ Window Shortcut နဲ့ Application Shortcut တွေက ဒီနေရာမှာ သတိထားရလိမ့်မယ်။ shortcut key တွေက အကျင့်ပါနေတော့ အစပိုင်းမှာ ဂရုစိုက်ရမယ်လေကွာ။

နောက်မှပဲ ဆက်ရေးတော့မယ်..သူငယ်ချင်းရေ..။
ဘာပဲဖြစ်ဖြစ် ဒီကိုလာဖို့တော့ ကြိုးစားကွာ။ အဲဒီမှာ မင်းလည်း အတွေ့အကြုံလုံလုံလောက်လောက်ရှိခဲ့ပြီးပဲ။ ငါလည်း လိုအပ်တာလေးတွေကို လှမ်းပြောပြပါမယ်။
မင်းရဲ့လုပ်ငန်းတွေလဲ အဆင်ပြေပါစေလို့ ငါဆုတောင်းပေးပါတယ်။

မင်းရဲ့ချစ်သူငယ်ချင်း
ဆောင်းချမ်းမိုး

Share This Post
Pages:123»