Browsing articles in "အားလပ်ရက်မှာလျှောက်လည်မယ်"
Apr
26
2009

အားလပ်ရက်မှာ လျှောက်လည်မယ်

ဒီတပတ် ကျနော်အလည်ရောက်ခဲ့တဲ့နေရာကတော့ Woolands Regional Library ပဲ ဖြစ်ပါတယ်။ ဟိုးအရင် စင်္ကာပူရောက်ကာစကတည်းက woolands မှာနေခဲ့ပြီး မကြာခဏ သွားလာခဲ့တဲ့နေရာလေးလည်း ဖြစ်တဲ့အပြင် စင်္ကာပူမှာ ကျွန်တော်အကြိုက်ဆုံး နေရာလေးတစ်ခုလဲ ဖြစ်ပါတယ်။

ကျနော်က Library တွေကို ချစ်တဲ့သူတစ်ယောက်ဖြစ်တာမို့ Woolands Regional Library ကိုရောက်တော့ တအားပျော်ပါတယ်။ စာအုပ်တွေကလည်း အမျိုးအစားတွေစုံလင်ပြီး လာဖတ်တဲ့လူတွေကလည်း ကျောင်းသားလူငယ်လေးတွေရော၊ လူကြီးတွေရော ဆိုတော့ ကျနော့်စိတ်ထဲမှာ ကြည်နူးမိတယ်။ ကျနော်တို့နိုင်ငံမှာ ဒီလို Library ကြီးတွေ မြို့တိုင်းမှာရှိမယ်ဆိုရင်ဖြင့် တအားကောင်းမှာပဲလို့လဲ တောင့်တမိပါတယ်။

စင်္ကာပူမှာ Library လေးမျိုးရှိပါတယ်။ National Library, Regional Libraries, Public Libraries နဲ့ Community Children Libraries တွေဆိုပြီး ရှိပါတယ်။ National Library ကတော့ City Hall နဲ့ Bugis MRT ကြားက Victoria Street နဲ့North Bridge လမ်းမပေါ်မှာပါ။ Regional Library တွေကတော့ Jurong ရယ်၊ Tampines နဲ့ Woodlands ရယ်မှာ ရှိပါတယ်။

Woodlands Regional Library က MRT ရဲ့အနားမှာရှိတဲ့ Woodlands Civic Center မှာရှိပါတယ်။ စင်္ကာပူမှာ အကြီးဆုံးနဲ့ စာဖတ်သူအများဆုံးရှိတဲ့ Library တစ်ခုဖြစ်ပါတယ်။ သူတို့အပြောအရ စာအုပ်အမျိုးပေါင်း ၄သိန်းခွဲ၊ Video ၆၀၀၀ လောက်ရှိပြီး၊ တစ်နေ့ကို စာဖတ်သူ ၇၀၀၀ကျော်ခန့် လာရောက်လေ့ရှိကြောင်း သိရပါတယ်။


ဟုတ်ကဲ့ . .။ Woolands Library ရဲ့မြေညီထပ်နဲ့ ပထမထပ်မှာ ပေါ်ပြူလာဖြစ်တဲ့ နိုင်ငံတကာ မဂ္ဂဇင်းတွေ၊ သတင်းစာတွေနဲ့ Audio, Video တွေထားပါတယ်။ တတိယထပ်မှာတော့ Adult Library ဖြစ်ပီး ကျောင်းသားကျောင်းသူတွေ၊ လူကြီးတွေ တိတ်ဆိတ်ငြိမ်သက်စွာ စာဖတ်နေကြတာကို တွေ့ရပါတယ်။ တချို့ကလည်း စားပွဲတွေပေါ်မှာ၊ တချို့ကလဲ ကြမ်းပြင်လေးတွေပေါ်မှာထိုင်ပြီး ဖတ်နေကြတာတွေ့ခဲ့ရပါတယ်။ သူငယ်ချင်းတစ်ယောက်ဆီက ဖုန်းလာလို့ ဖုန်းပြောမိတော့ ၀န်ထမ်းတစ်ဦးက ဖုန်းပြောလို့မရကြောင်း လာပြောပါသေးတယ်။ ဟုတ်တာပေါ့ .. စာကြည့်တိုက်ဆိုတာ တိတ်ဆိတ်ငြိမ်သက်နေရမဲ့နေရာလေ။
စတုတ္ထမြောက်ထပ်ကတော့ ကလေးတွေအတွက် သီးသန့် ကလေးစာကြည့်တိုက်လေး ဖြစ်ပါတယ်။ ကလေးလေးတွေ စာဖတ်နေကြ၊ ကစားနေကြတာတွေ့တော့ ကျွန်တော်လည်း ကျွန်တော့်နိုင်ငံအတွက် ဒီလိုစာကြည့်တိုက်မျိုးတွေကို မျှော်လင့်တောင်တမိပြန်ပါတယ်။


ှLibrary တွေအားလုံးက စင်္ကာပူလူမျိုးတွေ၊ PR တွေအပြင် ဒီမှာ ကျောင်းတက်၊ အလုပ်လုပ်လာကြတဲ့ နိုင်ငံခြားသားတွေပါ စာကြည့်တိုက် အသင်းဝင်ကြေး ပေးပြီးတော့ ငှားရမ်းခွင့်ရှိပါတယ်။ နိုင်ငံခြားသားတွေအတွက်ကိုတော့ စင်္ကာပူဒေါ်လာ ၄၂ဒေါ်လာ သတ်မှတ်ထားပါတယ်။

လေ့လာစရာ စာအုပ်အမျိုးအစားစုံလင်လွန်းလှပြီး တိတ်ဆိတ်ငြိမ်သက်စွာ ဗဟုသုတရှာဖွေဖတ်ရှုနိုင်တဲ့ ဒီလို စာကြည့်တိုက်ကြီးမျိုးတွေရှိတာဟာ နိုင်ငံတစ်နိုင်ငံရဲ့ အဖိုးမဖြတ်နိုင်တဲ့ ရတနာသိုက်ကြီးတွေပမာပါ။
ဒီလို စာကြည့်တိုက်မျိုးတွေ အများကြီးထူထောင်နိုင်ပြီး …
လူငယ်တွေကို အကျိုးမရှိတဲ့နေရာတွေမှာ အချိန်မဖြုန်းစေဘဲ စာကြည့်တိုက်လိုနေရာမျိုးတွေမှာ ပျော်မွေ့အောင်ထားနိုင်မယ်ဆိုရင်ဖြင့်…
အဲဒီလို အတွေးတွေနဲ့အတူ ….။

ဆောင်းချမ်းမိုး

Share This Post