Browsing articles in "ကြိုက်နှစ်သက်သောကဗျာများ"
May
13
2009

လွင့်နေတဲ့ကြယ်

(ကျနော်ကြိုက်နှစ်သက်သော ဆရာမင်းချမ်းမွန်ရဲ့ကဗျာတစ်ပုဒ်ကို ဒီတစ်ပတ် ကျနော်ကြိုက်နှစ်သက်သော ကဗျာတစ်ပုဒ်အဖြစ် Teen မဂ္ဂဇင်းမှ ကူးယူဖော်ပြလိုက်ပါသည်။)


၁။
ဟိုး… အဝေး
လွင့်နေတဲ့ တောင်တန်းတွေနဲ့အပြိုင်
လွင့်နေတဲ့ ကြယ်တွေ။

အဲဒီကြယ်မှာ
မင်းနာမည်ပါရဲ့လား။

ဟောဒီစကြ၀ဠာထဲမှာ
ကြယ်တာရာတွေ ဒုနဲ့ဒေး
သူ့အစုအဝေးနဲ့ သူ ရွက်ဖွင့်
လွှင့်နေကြတယ်။

ကြယ်တွေသွားတဲ့လမ်း
ပန်းတွေမွှေးပါစေ
စမ်းရေအေးပါစေ။

၂။
ဟို… တစ်ခေတ်က ကောင်းဘွိုင်တွေ
ခြောက်လုံးပြူးသေနတ်ကိုင်သလို
ဒီဘက်ခေတ်က ကြယ်တွေ
ခြောက်ကြိုးတပ် ဂစ်တာကို ကိုင်တယ်

Bon Jovi
Aerosmith
Gun N’Roses
West Life အစ Rap Metal အဆုံး
စကားလုံးဂီတ ရွတ်ဆိုကြတယ်။

၃။
ဘောင်းဘီပွပွ
တီရှပ်ဖားဖား
လျှာထိုးကက်ဦးထုပ် နောက်ပြန်ဆောင်း
သူတို့၊ ရေစီးကြောင်း ပြောင်းလဲလာကြ
ပြင်ပအသွင်သဏ္ဌာန်ထက်
အရည်အချင်း
အတွင်းအနှစ်သာရကို တပ်မက်ဝတ်ဆင်
လျင်မြန်တဲ့ အရှိန်အဟုန်နဲ့
မောင်းနှင်ပျံသန်းကြ။

၎။
အခန်းထဲရပ်နေရာက
ဖျတ်ခနဲ
နံရံကို တွန်းထိုးဖောက်ထွက်
အပြင်က
သစ်ပင်မြင့်မြင့်တွေရဲ့ ပင်စည်အတိုင်း
လေထုထဲ လွင့်ပျံခုန်တက်သွား
လူငယ်တို့ အားမာန်နဲ့ ယှက်သီထားတဲ့
လီဗိုင်း(စ်)ဂျင်းဘောင်းဘီကြော်ငြာလို
လွတ်လပ်မှုမှာ အရသာရှာကြ။

၅။
အီတာလျံစတိုင်လ်၊ ဂျပန်စတိုင်လ်
ကိုရီးယားစတိုင်လ်၊
ယိုးဒယားစတိုင်လ်
စားသောက်ဆိုင်ထိုင်လိုက်
ဘီယာယဉ်ကျေးမှု
ကော်ဖီယဉ်ကျေးမှုနောက် တကောက်ကောက်
ဟဲလို…
မစ္စတာဂစ်တာမှာ ဆုံမယ်
မစ္စတာဘရောင်းမှာ ဆုံမယ်
ဂျေဒိုးနတ်မှာ ဆုံမယ်
ဘယ်သူမှ
ဆယ်သွယ်ရေး ဧရိယာပြင်ပ
တစ်လက်မ အရောက်မခံကြဘူး။

၆။
နေရာတကာ အသည်းအသန်
ကားချင်းပြိုင်
နက်ခ်တိုင်၊ လက်ကိုင်ဖုန်း
ဟန်းချိန်း၊ ကျောပိုးအိတ်၊ ဖိနပ်
ဘောလ်ပင်အစ မုန့်ဖိုးအဆုံး
အားလုံးပြိုင်နေကြတဲ့ခေတ်ထဲ
အသိအလိမ္မာနဲ့
ဥာဏ်ပညာအိုင်ကျူချင်းပြိုင်တဲ့အခန်း
နောက်တန်းရောက်နေလို့ ဖြစ်မလား။

၇။
ကွန်ပျူတာ
အင်္ဂလိပ်စာ
တိုင်းခြားဘာသာစကားတစ်ခုခု
ဂျီစီအီး၊ အက်စ်အေတီဝင်ခွင့်
တိုဖယ်လ် ဖြေပုံဖြေနည်း
သင်တန်းမျိုးစုံနဲ့ လုံးချာလိုက်
မောဟိုက်နေကြ ကြယ်ကလေးတွေ။

၈။
ဆရာကြီး မင်းသုဝဏ်ရဲ့
“ဘကြီးအောင် ညာတယ်”၀တ္ထုထဲက မျှော်လင့်ချက်
အိပ်မက်ဟာ
လူငယ်လေးတစ်ယောက်ရဲ့ အသက်ကို
ကုတ်ဖဲ့ဖျက်ဆီးသွားတဲ့ သာဓက။

ဆရာဇော်ဂျီကို သိရမယ်
ဆရာဗန်းမော်တင်အောင်ကို သိရမယ်
ဆရာဒေါက်တာသန်းထွန်းကို သိရမယ်
ဆရာမြသန်းတင့်ကို သိရမယ်။

ဂိမ်းအစား
ခေတ်နဲ့ ကြွေအန်ကစား
မျက်နှာအားလုံးကို ဖတ်ထားရမယ်။

၉။
ဟောဒီ ရာစုသစ်
လောကကြီးမှာ
အစစ်အမှန် အပျော်ရွှင်ဆုံးလူသား
နှစ်မျိုးနှစ်စားသာ ရှိတယ်
သူတို့က
ကလေးတွေနဲ့
ဖန်တီးတီထွင် ပညာရှင်တွေပဲ။

၁၀။
ရည်မှန်းချက်က ဘာလဲ
ဓမ္မဓိဋ္ဌာန်ကျကျ လေ့လာ
နည်းဗျူဟာ အသေအချာချမှတ်
အကောင်းအဆိုး
အကျိုးအပြစ်ကို ကြိုမြင်
လဲကျသွားရင် ပြန်ထ
သူရသတ္တိနဲ့ လုံ့လဇွဲခတ်
အရှုံးထဲက သင်ခန်းစာ အမြတ်ယူ
အောင်နိုင်မှုသရဖူ ဆောင်းကြ။

ဆုံးရှုံးမှုရဲ့ နောက်ဆက်တွဲ
ကြိုစဉ်းစားရဲရမယ်
အောင်မြင်ဖို့ ဖြစ်နိုင်ချေ ဘယ်မျှ
ရှုံးနိမ့်ရင် ကိုယ့်ကိုယ်ကို
ဘယ်လိုပြန်ဆယ်မလဲ စဉ်းစား
ကြယ်ရောင်နဲ့ ရေစီးမှာ
ပေါ့တီးပေါ့ဆ၊ ပျော်ပျော်ပါးပါး
ရေလိုက်ငါးလိုက်တွေ
ရထားမီမှာ မဟုတ်ဘူး။

၁၁။
ဘ၀မြေပုံမှာ
ပညာရှာရှာ ဘာရှာရှာ
ဓမ္မနဲ့ အဓမ္မ
တရားတာနဲ့ မတရားတာ
လုပ်ကောင်းတာနဲ့ မလုပ်ကောင်းတာ
ရွေးချယ်
ခွဲခြားတတ်တဲ့ ဥာဏ်မျက်စိ
နီတိကျင့်ဝတ်ရှိဖို့ လိုအပ်ရဲ့။

၁၂။
ကမ္ဘာကြီးကို ဆွဲချုံ့ပစ်လိုက်တဲ့
အိုင်တီခေတ်
အင်တာနက်ကဖေးထဲ
အွန်လိုင်းပေါ်မှာ
ကြယ်တွေ…
ဖိုရမ်လို့ခေါ်တဲ့ စကားဝိုင်းဖန်တီး
အချင်းချင်း… ဘလော့ဂင်းလုပ်ရင်း
အမြင်ချင်းဖလှယ်
စကားပြောကြ ဆွေးနွေးကြတာ ကောင်းတယ်။

တချို့ကျတော့လည်း
အင်တာနက် ချက်ရွန်းထဲ
အီစီကလီ
အရည်မရ အဖတ်မရတွေနဲ့
ချက်တင်းလုပ်ရင်း အချိန်ကုန်
အာရုံတွေ တဖြောဖြောလွင့်မျော
သဲထဲရေသွန်
လေထဲကွန်ပစ်နေလို့ ဘာထူးမလဲ။

ကိုယ့်ဘဝ
ကိုယ့်အလံ
ကိုယ့်နိုင်ငံကို ဆွဲထူဖို့
အညွန့်တလူလူ မနက်ဖြန်ကို ဖြန့်ခင်း
တစ်စက္ကန့်ချင်း
ဝက်ဘ်ဆိုက်အသစ်ဖွင့်
အိုင်ဒီယာတွေ
လွှင့်တင်လိုက် ကြယ်ကလေး။ ။

မင်းချမ်းမွန်


Share This Post
Mar
19
2009

ကျွန်တော်ရွတ်ဆိုနေကျ . . ကဗျာ

ထိပ်ဆုံးသို
တစ်တောင်ပေါ် တစ်တောင်ဆင့်
တောင်အမြင့်ပတ်ခြံရံ
တစ်တောင်ဆုံးပြန်တော့
တစ်လုံးကျန်ပြန်ပေသမို့
ဖန်ဖန်လေ အားအင်ညှိုးလို့ရယ်
ကြိုးလျှောက်ရပြန်။

ခါတလေ တကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘု
ရပ်တန်းက ရပ်မယ်ကြံ . . .
အမှန်တော့ဖြစ်ပါ့မလား
စခဲ့မိတာကြောင့် . . ။

တစ်နေ့မှာ ဆုံးရာရောက်ပါလိမ့်
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့
မာလာငွေ ကန်ရေအေးရယ်
ငှက်တေးကို အာရုံဆင်လို့
မူတစ်သွင်အားအင်သစ်လိုက်ပါ
ချစ်ဖွယ့်လူသား။ ။

ကျနော်တို့ အလယ်တန်းကျောင်းသားဘ၀က သင်ခဲ့ရတဲ့ကဗျာလေးပါ။ ကျနော်ဘ၀မှာ အခက်အခဲဒုက္ခတွေနဲ့ ကြုံတိုင်း . . စိတ်ပျက်အားငယ်စိတ်တွေပေါ်လာတဲ့အခါ ကိုယ့်ကိုကိုယ် ပြန်လည်အားပေးရင်း ရွတ်ဆိုနေကျ ကဗျာလေးတစ်ပုဒ်ပေါ့ . . .

Share This Post