ဘန်ကောက်အနုပညာနှင့် ယဉ်ကျေးမှုစင်တာ(BACC) သို့ အလည်အပတ်တစ်ခေါက်

ဘန်ကောက်မှာ တတိယမြောက်နေ့အဖြစ် ဆရာတို့နဲ့အတူ BACC (Bangkok Art & Culture Center) ကိုသွားကြပါတယ်။ BACC ကို လူထုနဲ့ အနုပညာရှင်တွေ တိုက်ရိုက်တွေ့ဆုံဆက်ဆံနိုင်ကြဖို့ နိုင်ငံတကာနဲ့ အနုပညာဖလှယ်ရေးအစီအစဉ်တွေလုပ်ဖို့ရာ Art Center တခုအဖြစ် အစိုးရက ၁၉၉၅ ခုနှစ်ကတည်းက ရည်ရွယ်စီစဉ်ခဲ့တာပါ။ (အဲဒီအချိန်က မြန်မာနိုင်ငံမှာတော့ ဆို၊က၊ရေး၊တီး နဲ့ တပ်မတော်ခန်းမက ပန်းဆယ်မျိုးပြပွဲတွေလောက် လုပ်နေကြတဲ့အချိန်ပေါ့။) ဒါပေမယ့် အစိုးရအပြောင်းအလဲကြောင့် ၂၀၀၈ ခုနှစ်ကျမှပဲ ပြန်လည်တည်ဆောက်နိုင်ခဲ့ပါတယ်။ ခေတ်ပြိုင်အနုပညာစင်တာတခုဖြစ်တဲ့ BACC မှာ ဂီတ၊ ရုပ်ရှင်၊ ပန်းချီ၊ ပန်းပု၊ ဓါတ်ပုံ၊ ဒီဇိုင်း ယဉ်ကျေးမှုအနုပညာနယ်ပယ်အသီးသီးက ပြပွဲတွေ၊ စာပေပွဲတော်တွေ၊ workshop တွေ နိုင်ငံတကာနဲ့ ယှဉ်ကျေးမှုဖလှယ်ပွဲတွေ ပြုလုပ်ကြပါတယ်။ အထပ် ၉ ထပ်ရှိတဲ့ အဲဒီစင်တာမှာ ပြခန်းတွေ၊ စာကြည့်တိုက်၊ ရုပ်ရှင်ရုံ၊ စာအုပ်အရောင်းဆိုင်၊ ပန်းချီပစ္စည်းအရောင်းဆိုင်၊ စာအုပ်ဆိုင်၊ ပန်းချီအရောင်းပြခန်းတွေ၊ ဂီတတူရိယာအရောင်းဆိုင်၊ ရုံးခန်းတွေ၊ ကယ်ရီကေချာနဲ့ပုံတူဆွဲတဲ့ဆိုင်တွေ၊ လက်ဆောင်ပစ္စည်းအရောင်းဆိုင်တွေနဲ့ ကော်ဖီဆိုင်တွေရှိပါတယ်။ သိပ်ပြီးများများစားစားမရှိလှပေမယ့် တစုတဝေးတည်း အားပါးတရကြည့်ရှုလည်ပတ်ရတာက အားရစရာပါ။ အထူးသဖြင့် ထိုင်းက လူငယ်လေးတွေအများအပြားကို တွေ့ခဲ့ရပါတယ်။

ကျနော်တို့ရောက်တော့ BACC မှာ ပြပွဲတွေ ရှိပါတယ်။ မြေညီထပ်မှာ ဓါတ်ပုံပြပွဲရှိပါတယ်။ ဒုတိယထပ်မှာ ဘန်ကောက်တက္ကသိုလ်ရဲ့ School of Digital Media & Cinematic Arts ကလုပ်တဲ့ Thesis Exhibition ရုပ်ရှင်ပြပွဲရှိပါတယ်။ နောက် Movie Workshop တွေရှိပါတယ်။ လေးလွှာမှာ Performance Art ပွဲတော်ရှိပါတယ်။ ၇ထပ်မှာ An Incubating Project for Young Artists အမည်ရ ထိုင်းခေတ်ပြိုင်အနုပညာပြပွဲတစ်ခုရှိပါတယ်။ ၈ထပ်မှာတော့ Culture Exchange အစီအစဉ်အနေနဲ့ ဂျပန်နဲ့ပူးပေါင်းပြတဲ့ Figure of Unknown Beauty အနုပညာ ပြပွဲရှိပါတယ်။ ၉ထပ်မှာ Printing & Drawing အမည်ရတဲ့ အနုပညာပြပွဲတခုရှိပါတယ်။ ထိုင်းနဲ့ နိုင်ငံတကာက အနုပညာရှင်ပေါင်း ၁၄၉ယောက်ရဲ့ လက်ရာပေါင်း ၁၅၂ ခုကို ပြသထားပါတယ်။ woodcut, litho, Etching, Silkscreen Printing တွေနဲ့ မင်၊ခဲ၊မြေဖြူ၊ မီဒီယာစုံနဲ့ရေးသားထားတဲ့ အနုပညာလက်ရာတွေကို ကြည့်ရှုခဲ့ရပါတယ်။ အဲဒီပြပွဲကနေကြည့်ပြီးတော့ ပထမထပ်မှာရှိတဲ့ ပန်းချီပစ္စည်းအရောင်းဆိုင်ကို ဝင်ကြည့်ပြီး ပန်းချီပစ္စည်းတချို့ဝယ်ခဲ့ကြပါတယ်။

BACC က တနင်္လာနေ့မှာပိတ်ပြီး နေ့တိုင်း မနက်၁၀ နာရီကနေ ည ၉ နာရီအထိဖွင့်ပါတယ်။ ဝင်ကြေးကတော့ အခမဲ့ပါ။ အသေးစိတ်သိချင်တယ်ဆိုရင်တော့ www.bacc.or.th ကနေတဆင့် ဝင်ကြည့်လို့ရပါတယ်။ အထူးသဖြင့်တော့ ကိုယ်ကြိုက်တဲ့ ပြပွဲကောင်းကောင်းရှိမယ့်အချိန်ကို website ကတဆင့်ကြည့်ပြီး သွားတာပိုကောင်းပါတယ်။ BACC နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုတော့ သီးသန့်ထပ်ရေးပါအုံးမယ်။

ဆောင်းချမ်းမိုး
28.7.2019
တနင်္ဂနွေနေ့