အညာအလွမ်းပြေ(၂)

ဒီတစ်ခေါက် အညာကိုပြန်ကြတော့ မေမေတို့ရွာနားက (မေမေ့ဒေါ်လေး) ကျွန်တော်တို့ အဘွားတွေရှိတဲ့ ရွာကိုသွားကြပါတယ်။ အဲဒီရွာမှာက တကယ့်အဘွားအရင်းတွေက မရှိကြတော့ပါဘူး။ အဘိုးတစ်ယောက်ရဲ့ဇနီးဖြစ်တဲ့ အဖွားပဲ ကျန်တော့တာပေါ့။ အဲဒီကျန်တဲ့ အဖွားတစ်ယောက်ကိုပဲ ကျနော်တို့ နှစ်စဉ်သွား ကန်တော့ဖြစ်ကြပါတယ်။

ကျနော်နဲ့ မယ်သောင်း အဖွားကို ကန်တော့ကြပြီးနောက် အဖွားက မယ်သောင်းကို ကြည့်ပြီး ပြောပါတယ်။ အဖွားတို့ဆီကို နှစ်တိုင်းလာလည်ဖို့ကိုလည်း ငါ့မြေးလေးက သူ့ကို နားနှိုက် ကြားလား.. လို့ အဖွားက သူ့ကိုပြောတော့ သူက ကျနော့်ကို ပြန်မေးပါတယ် “ကိုကို.. အဖွားက နားနှိုက်ဆိုတာ ဘာကိုပြောတာလဲ” တဲ့။
“နားနှိုက်ဆိုတာ အဖွားတို့ဆီလာဖို့ သွာရအောင်လို့ ကိုကို့ကို သတိပေး၊ ကလေးတွေလိုဆို ပူဆာပေါ့ကွာ အဲဒီသဘော”
ကျနော်လည်း အညာပြန်ရောက်တော့မှ သူ့ကို ဘာသာပြန် ပြရတော့တယ်။ ပြန်တော့မယ်ဆိုတော့ “ကဲ.. ပြန်ရော ပြန်ရော.. ” ဆိုပြီး ကျောပုတ်လွှတ်လိုက်တာကလည်း မယ်သောင်းအတွက်တော့ အထူးအဆန်းတရပ်ပင် ဖြစ်နေမလားမသိ။

ဒီနှစ် အဖွားအိမ်ရောက်တော့ အခုစဉ့်အိုးကြီးတွေကို မီးဖိုချောင်(မီးဖိုးထဲ)မှာ တွေ့ရတာပါပဲ။ တွေ့တော့ ကျနော့်ဇနီးဖြစ်သူကမေးတယ်။ အဲဒီအိမ်က ကြီးကြီးက သူ့ကို အဲဒီဆီအိုးကြီးတွေအကြောင်း ပြောပြပါတယ်။


“အညာမှာက ဆီတွေကို ကြိတ်ပြီး အဲဒီလိုစဉ့်အိုးတွေနဲ့ ထည့်ထားတတ်ကြတာပေါ့။ နှစ်ပေါက် စားလို့ရတယ်။ တခါတလေတော့ ငါ့တူမရယ်.. ဟိုအိမ်ကချေး ဒီအိမ်ကချေးဆိုတော့ ဒီထဲကပဲ ချိန်ထည့်ပေးရတာ။ ဒီဘက်က အချိန် ၃၅ ဆန့်တယ်။ သုံးဆယ့်ငါးပိဿာပေါ့။ ပဲပေါ်ပြီးတော့ ဆုံနဲ့ကြိတ်ထည့်ထားကြတာ။ ဆန်၊ ဆီ၊ ဆားတခါတည်း ဝယ်ထားလိုက်တာပဲ။ တခါတလေလည်း ဟောဟိုမှာ ခြံစည်းရိုးမှာ ဟင်းနုနယ်တို့၊ ကင်းပုံတို့တွေ့လား။ အဲမှာ စိုက်ထားတာလေးနဲ့ ဒို့တော့ စားလိုက်တာပဲ။”
ကြီးကြီးက သူ့မေးသမျှကို ရှင်းပြပါတယ်။ သူက နွားစာတိုက်အောက်က ဆေးပုတ်တွေ(ဆေးရွက်ကြီးများထည့်ထားသောတောင်းများ၊ ပိုများ) ထားတဲ့နေရာတွေပါလျှောက်ကြည့်ရင်း ကြီးကြီးတို့က တော်တော်ချမ်းသာတာပဲပြောတော့ ကျနော့်ကြီးတော်တွေက သဘောကျကြပါတယ် “အမလေး.. ငါ့တူမကြီးပြောတဲ့အတိုင်း ဖြစ်ပါစေတော်.. ” တဲ့။

အခုတော့ ကျွန်တော်တို့ မြင်းခြံနယ်ဘက်က ရွာတွေမှာ လျှပ်စစ်မီးရကုန်ကြပြီ။ ဖိုခနောက်ဆိုင်မီးဖိုလေးတွေအစား လျှပ်စစ်မီးဖိုတွေကို သုံးလာကြပြီ။ ဆီစက်တွေ များလာကြရင် ကြီးကြီးတို့ရဲ့ ဆီအိုးကြီးတွေလဲ ရှိပါတော့မလား ကျနော်တွေးမိ၏။ ငယ်ငယ်က ကျနော်တွေ့ဖူးတဲ့ ဘူးသီးခြောက်ကလေးတွေမရှိတော့။ အိမ်မကြီးကသပ်သပ် မီးဖိုချောင်(ထမင်းချက်/စားသည့်အိမ်) ကသပ်သပ် ကျေးလက်တောရွာလူနေထိုင်မှုလေးတွေက တိုးတက်ပြောင်းလဲသွားတော့မယ်ထင်ပါတယ်။ ကျနော်ကတော့ တချို့အရာလေးတွေကို နှမြောမိပါတယ်။ ခေတ်ကို လွန်ဆန်လို့မရတော့ဘူး ထင်ပါရဲ့လေ..

ဆောင်းချမ်းမိုး